.စွပ်စွဲ

January 28, 2021

အီဗရာဟီမိုဗစ်အပေါ်စွပ်စွဲချက် ပေါ့ဘာကာကွယ်ပြောဆို

ဇလာတန်အီဗရာဟီမိုဗစ်အပေါ် ပြောဆိုနေကြတဲ့ လူမျိုးရေး ခွဲခြားမှု စွပ်စွဲချက်တွေကို အသင်းဖော်ဟောင်း မန်ယူနိုက်တက်ကွင်းလယ်လူ ပေါလ်ပေါ့ဘာက ကာကွယ်ပြောဆိုလိုက် ပါတယ်။ 

အင်္ဂါနေ့က မီလန်ဒါဘီပွဲအပြီး ဇလာတန်နဲ့ လူကာကူတို့ ကြားပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဇလာတန်ဟာ ဒီလိုစွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ 

မြို့ခံ  ပြိုင်ဘက် နှစ်သင်းယှဉ်ပြိုင်ကြတဲ့ ကိုပါအီတလီယာဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်တာမီလန်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ လူကာကူနဲ့ ဇလာတန်တို့ဟာလည်း ဒီပွဲမှာ အကြီးအကျယ်စကားများခဲ့ကြပါတယ်။

 ဒီပွဲမှာ ဇလာတန်က မီလန်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။ 

လူကာကူက အင်တာမီလန်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး အချိန်ပိုမှာ အဲရစ်ဆင်က အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 

ဒါပေမဲ့ ဒီပွဲမှာ စကားများမှုဟာ ပြောစရာ ဖြစ်ခဲ့ပြီး ရလဒ်အနေနဲ့ ၂ ဦးစလုံး အဝါကတ်ထိခဲ့ပါတယ်။ 

စကားများရာမှာ ဇလာတန်ဟာ လူကာကူကို “ မင်းရဲ့ ဗူဒူးကိုပဲ လုပ်နေစမ်းပါ မြည်းပေါက်လေးရာ။ မင်းရဲ့ အသုံးမကျတဲ့ ဗူဒူးကိုပဲ သွားလုပ်စမ်းပါ။ မင်းအမေပါခေါ်သွား” လို့ပြောနေတာကို ကြားခဲ့ရပြီး လူကာကူကလဲ “ ဟာအထဲသွားမယ် ငပေါရဲ့၊ မင်းနဲ့ငါတွေ့မယ်” လို့ ပြန်လည်ပြောဆိုခဲ့တာကိုကြားခဲ့ရပါတယ်။ 

ထွက်ပေါ်လာတဲ့သတင်းအရ ဇလာတန်ပြောခဲ့တဲ့ “ ဗူဒူး” ဆိုတဲ့စကားဟာ အဲဗာတန် အသင်း ပိုင်ရှင် ဖာဟတ်မိုရှီရီပြောဆိုခဲ့တဲ့တာနဲ့ ပတ်သက်နေတယ်လို့လည်း သိရပါတယ်။ 

မိုရှီရီက “ဗူဒူး” ဆိုတဲ့စကားကို ပြောဆိုခဲ့တာကြောင့် လူကာကူဟာ အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့တာလို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပြီး ဒီသတင်းတွေကို ကစားသမားရဲ့ကိုယ်စားလှယ်အဖွဲ့က ငြင်းဆိုခဲ့ဖူးပါတယ်။ 

ဒီ “ဗူဒူး” ဆိုတဲ့ပြောစကားကြောင့် ဇလာတန်ဟာ လူကာကူကို လူမျိုးရေး ခွဲခြားခဲ့တာလို့ တချို့က ဝေဖန်ခဲ့ကြပြီး ကစားသမားကိုယ်တိုင် သူ့ပြောစကားနဲ့ပတ်သက်လို့ ပြန်လည်ဖြေရှင်းခဲ့ ရပါတယ်။ 

“ဇလာတန်အတွက် လူမျိုးရေးခွဲခြားမှုဆိုတာ မရှိပါဘူး။ ကျနော်တို့ အားလုံးဟာ မျိုးနွယ်တူတွေပါပဲ။ အကုန်လုံးညီတူညီမျှပါပဲ။ ကျနော်တို့ဟာ ဘောလုံးသမားတွေပါ။ တချို့က တခြားသူတွေထက် ပိုကောင်းနေ ပါတယ်” လို့ဆွီဒင်ကစားသမားက သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ 

ပေါ့ဘာကလည်း သူ့ ကစားဖော် ဟောင်းအပေါ်ကျရောက်နေတဲ့ စွပ်စွဲချက်တွေကို တွစ်တာမှာ ရှင်းလင်းရေးသားရင်းနဲ့ကာကွယ်ပေးခဲ့ပါတယ်။  

ပေါ့ဘာက “ ဇလာတန်က လူမျိုးရေး ခွဲခြားတယ်တဲ့လား။ သူက ကျနော်ကို အရမ်း ချစ်တဲ့လူပါ။ ဒါ့ကြောင့် လူမျိုးရေးခွဲခြားတယ်ဆိုရင် ကျနော့်ခေါင်းထဲ နောက်ဆုံးမှ ရောက်လာမယ့်သူဟာ ဇလာတန်ပါပဲ။ လုပ်စမ်းပါ။ ဒါက နောက်စရာမဟုတ်ပါဘူး” လို့ ပေါ့ဘာက ကာကွယ်ပြောဆိုခဲ့ပါတယ်။ 

အင်္ဂါနေ့ ဖြစ်ရပ်တွေကြောင့် ဇလာတန်ဟာ အဝတ်လဲခန်းမှာ အသင်းဖော်တွေကို ပြန်လည်တောင်းပန်ခဲ့တယ်လို့လည်း မီလန်နည်းပြ ပီအိုလီက  ပြောပါတယ်။ 

9 months Ago
Up