စွန့်ပစ်မျောမှီးနွံရေ

August 29, 2020

ဟုမ္မလင်း အောက်တောင်ပေါ်ရွာတွင် စွန့်ပစ်မျောမှီးနွံရေ ဝင်ရောက်သဖြင့် လယ်ဧက ၂၀ ဝန်းကျင် ပျက်စီး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ အောက်တောင်ပေါ်ကျေးရွာမှာ ‌ရွှေမျောလုပ်ငန်းတွေက စွန့်ပစ်လိုက်တဲ့ မျောမှီးနွံရေတွေ ဝင်ရောက်တာကြောင့် ဒေသခံတွေ အခက်အခဲ ရင်ဆိုင်နေရပါတယ်။ ရွှေတူးဖော်တဲ့နေရာတွေက စွန့်ပစ်မျောမှီးရေတွေဟာ ကျေးရွာအတွင်းက လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ စိုက်ခင်းမြေတွေထဲ ဝင်ရောက်နေတာကြောင့် သွားလာရ ခက်ခဲနေတဲ့အပြင် ကျန်းမာရေးပါ စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။ အောက်တောင်ပေါ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်မောင်က “မျောမှီးနွံတွေက ဩဂုတ် ၂၀ ရက်နေ့ကစပြီး အခုချိန်ထိ ဝင်ရောက်နေတာ၊ တချို့နေရာတွေဆိုရင် ဒူးဆစ်ကနေ ခါးလောက် ရှိတယ်။ ကျေးရွာက ဘုန်းကြီးကျောင်းရော၊ စာသင်ကျောင်းပါ မကျန်ဝင်တာ။ နွံရေတွေဝင်လို့ အိမ်ပေါ်ကနေ အိမ်အောက်ဆင်းဖို့တောင် မလွယ်ဘူး။ သွားလာရတာလည်း အတော်ခက်ခဲသွားတယ်။ ခြံထဲစိုက်ထားတဲ့ အပင်တွေလည်း သေကုန်တယ်။ ကျန်းမာရေးအရလည်း ဒီမျောမှီးနွံတွေကြောင့် အရမ်းစိုးရိမ်ရတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် အောက်တောင်ပေါ်ကျေးရွာမှာ မျောမှီးနွံရေတွေ ဖုံးလွှမ်းမှုကြောင့် လယ်ယာဧက ၂၀ ဝန်းကျင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အရင်ကလည်း အခုလို မျောမှီးနွံရေတွေ ရွာထဲဝင်ရောက်ခဲ့တဲ့အတွက် ထပ်မဖြစ်စေဖို့ ရွှေမျောလုပ်ကိုင်သူတွေကို ကျေးရွာက လူမှုရေးအရ ခံဝန်သုံးကြိမ် လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိချိန်မှာ ရွှေမျောတွေ ဆက်လက်မောင်းနှင်လုပ်ကိုင်နေပြီး မျောမှီးနွံရေတွေ ဝင်ရောက်မှုနဲ့ ပတ်သက်လို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကို တိုင်ကြားထားတယ်လို့ သိရပါတယ်။ အောက်တောင်ပေါ်ကျေးရွာမှာ အိမ်ခြေ ၈၀ ကျော်နဲ့ လူဦးရေ ၃၀၀ ကျော်ရှိပြီး အများစုဟာ လယ်ယာမြေလုပ်ကိုင်သူတွေ ဖြစ်ကြပါတယ်။ ရန်နိုင်စိုး
1 year Ago
Up