စွန့်ပစ်ခံရ

May 6, 2020

ပုသိမ်တွင် ၇ ရက်သား အရွယ်ကလေးငယ် ရုပ်ရှင်ရုံအနီးစွန့်ပစ်ခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ မင်းကြီးလမ်းနဲ့ မြေနုလမ်းဆုံရာ လမ်းထောင့်ရှိ ရွှေပြည်သာရုပ်ရှင်ရုံအနီးမှာ မေလ ၅ ရက်နေ့ မနက်အစောပိုင်းက ၇  ရက်သား အရွယ် ကလေးငယ်တစ်ဦး စွန့်ပစ်ခံခဲ့ရပါတယ်။ ရက်ပိုင်းအရွယ်သာရှိသေးတဲ့ ကလေးငယ်ကို ဆန်ခြင်းတောင်းထဲထည့်ပြီး ရုပ်ရှင်ရုံအနီး လာရောက်စွန့်ပစ်ခဲ့တာကို CCTV မှတ်တမ်းတွေအရ သိခဲ့ရပြီး ကလေးငယ်မှာ မိန်းကလေး ဖြစ်ကာ ရပ်ကွက်နေပြည်သူတွေစုပေါင်းပြီး တိုင်းလူမှုဝန်ထမ်းဦးစီးဌာနရုံးကိုလာရောက်အပ်နှံ တာကို လက်ခံထားတယ်လို့ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးက တာဝန်ရှိသူက ဒီဗွီဘီ ကိုပြောပါတယ်။ "ရပ်ကွက်ကလူတွေက လာအပ်နှံလို့ လက်ခံပေးထားပါတယ်။ ကလေးရဲ့ အသက်က ခန့်မှန်း ၇ ရက်လောက်ပဲရှိအုံးမယ်။ ဘာဖြစ်လိုလည်းဆိုတော့ ကလေးက ချက်မကြွေသေးလို့ ကလေး တွေကို စွန့်ပစ်တဲ့အခါ အရမ်းအန္တရာယ်ရှိတယ်"လို့ ပြောပါတယ်။ ကလေးငယ်ကို တိုင်းလူမှုဝန်ထမ်းဦးစီးရုံးက တာဝန်ရှိသူတွေက စစ်ဆေးချိန်မှာ ကလေးငယ် ကိုစွန့်ပစ်ခဲ့တဲ့ ဆန်ခြင်းတောင်းထဲတွင် ပုရွက်ဆိတ်တွေရှိနေလို့ အကိုက်ခံထားရတဲ့ အနာတွေ တွေ့ရသလို ခြင်ကိုက်ဖုတွေလည်း တွေ့တယ်လို့ ဆိုပါတယ်။ စွန့်ပစ်ခံရတဲ့ ကလေးငယ်ကို လူမှုဝန်ထမ်းဦးစီးဌာနက ပုသိမ်မြို့မှာရှိတဲ့ ကလေးပြုစုစောင့် ရှောက်ရေးဌာနမှာ ပြုစုစောင့်ရှောက်ဖို့အတွက် လက်ခံထားရှိပြီး ကလေးငယ်က ချက်မကြွေ သေးလို့ ဌာနက ကျန်းမာရေးဝန်ထမ်း ဆရာမတွေက ပြုစုစောင့်ရှောက်ထားပါတယ်။ ဧရာဝတီတိုင်းမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ မေလအထိ မွေးကင်းစကလေးငယ်စွန့်ပစ်ခံရမှု ၈ ကြိမ်အထိ ရှိခဲ့ကြောင်း တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
12 months Ago
Up