စွပ်ပြုထဲ

September 16, 2018

စွပ်ပြုထဲ ကြွက်သေကောင်ပါသဖြင့် ပေါင်သန်းရာချီဆုံးရှုံးခဲ့ရသည့် တရုတ်စားသောက်ဆိုင် (ရုပ်သံ)

စွပ်ပြုတ်ထဲမှာ ကြွက်သေကောင် တကောင်ပါလာတဲ့ ကိစ္စကြောင့် တရုတ်နိုင်ငံရဲ့ နာမည်ကြီး စားသောက်ဆိုင်လုပ်ငန်းစုဟာ ဈေးကွက်တန်ဖိုး ပေါင် ၁၄၅ သန်းလောက် ဆုံးရှုံးသွားခဲ့ရတယ်လို့ Sky News သတင်းမှာဖော်ပြပါတယ်။ ကြွက်သေကောင်ကို တရုတ်နိုင်ငံ အရှေ့ပိုင်းရှန်ဒုံးပြည်နယ် ဝိုင်ဖန်းမြို့မှာ ရှိတဲ့ Xiabu Xiabu စားသောက်ဆိုင်တခုမှာ တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ မိသားစုနဲ့အတူ ညစာစားသုံးနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး တယောက်ရဲ့ စွပ်ပြုပ်ပန်းကန်ထဲမှာ ဒီကြွက်သေကောင်က ပါလာတာပါ။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။ ကြွက်သေကောင်ပါတဲ့ ဟင်းကိုစားမိတဲ့အတွက် ဗိုက်ထဲက ကလေးငယ်ကို ထိခိုက်မှာ စိုးရိမ်တယ်ဆိုရင် ကလေးဖျက်ချဖို့ ယွမ် ၂၀၀၀၀ ပေးမယ်လို့ စားသောက်ဆိုင်ဝန်ထမ်းက ပြောခဲ့ကြောင်းလည်း ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ မစ္စတာမား ကပြောပါတယ်လို့ ရှန်ဟိုင်းအခြေစိုက် Kankan သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ကြောင့် အဲဒီဆိုင်ခွဲဟာလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ စားနေတဲ့ ခွက်ထဲကနေတူနဲ့ နှိုက်လိုက်တဲ့အချိန်မှာ ကြွက်သေကောင်ပါလာတဲ့ အမျိုးသမီးရဲ့ ဖြစ်ရပ် ဗွီဒီယိုဖိုင်နဲ့ ဓာတ်ပုံဟာလည်း လူမှုကွန်ရက်မှာပျံ့နှံ့နေပြီး ဒီဗွီဒီယိုဖိုင်ကို တရုတ်နိုင်ငံက လူမှုကွန်ရက်အသုံးပြုသူတွေကလည်း ပြင်းပြင်းထန် ဝေဖန်ရှုတ်ချနေကြပါတယ်။ ဒီဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး Weibo အသုံးပြုသူတဦးက “လုံးဝကို အန်ချင်စရာကြီးပါ။ နောက်ဆို ဘယ်တော့မှ အပြင်မှာ ဟော့ပေါ့ထွက်မစားတော့ဘူး” လို့ မှတ်ချက်ပြုခဲ့ကာ တခြားတယောက်ကလည်း “ဒီကြွက်သေကြောင့် ဗိုက်ထဲကကလေး တခုခုဖြစ်သွားမယ်ဆိုရင် ဆိုင်ဘက်က ဘယ်လို ဖြေရှင်းပေးမှာလဲ၊ ပြီးတော့ လူ့အသက်တချောင်းကရော ယွမ် ၂ဝဝဝဝ ပဲတန်သလား” လို့ မေးခွန်းထုတ်ထားတာတွေ့ရပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေကို ချက်ချင်းပြုလုပ်ခဲ့ပေမယ့် ဟင်းထဲ ကြွက်ပါလာ ရတဲ့ သဲလွန်စကို မတွေ့ခဲ့ရဘဲ စားသောက်ဆိုင်အတွက် ကုန်ကြမ်းသွင်းတဲ့ လုပ်ငန်းတွေမှာတော့ အရည်အသွေး မပြည့်မီတာတွေ ရှိတယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် Xiabu Xiabu လုပ်ငန်းရဲ့ ရှယ်ယာတန်ဖိုးဟာ ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ကုမ္ပဏီအနေနဲ့ ပေါင် ၁၄၅ သန်းလောက် ထိခိုက်နစ်နာမှု ဖြစ်စေခဲ့တယ်လို့လည်း သိရပါတယ်။
3 years Ago
Up