စွန့်ကြဲအထည်ဟောင်းတွင်ပါလာသည့် ဘတ် ၁ သိန်းကို တောင်ပေါ်သားကလေး၂ ဦး ပြန်ပေး

December 17, 2016

စွန့်ကြဲအထည်ဟောင်းတွင်ပါလာသည့် ဘတ် ၁ သိန်းကို တောင်ပေါ်သားကလေး၂ ဦး ပြန်ပေး

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လမတ်မြို့နယ်ထဲမှာ စေတနာရှင်တွေ လာရောက်စွန့်ကြဲသွားတဲ့ ဘောင်းဘီဟောင်းတထည်ထဲမှာ ထိုင်းဘတ်ငွေ ၁ သိန်း ရောပါလာတဲ့အတွက် ငွေတွေ့ရှိသူ တောင်ပေါ်သားကလေးငယ် ၂ ဦးက တာဝန်ရှိသူတွေကို ပြန်လည်အပ်နှံခဲ့တယ်လို့ 77jowo ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ မယ်လမတ်မြို့နယ် ဆမ်မိုကျေးရွာအုပ်စုထဲက ခွန်ဟွေ့မဲ့ထော့ မူလတန်းကျောင်းမှာ ပြီးခဲ့တဲ့ ကျောင်းပိတ်ရက်အတွင်း အလှူရှင်တစု ရောက်လာပြီး ကလေးတွေကို စားစရာ၊ အသုံးအဆောင်နဲ့ အဝတ်အထည်ဟောင်းတွေ ပေးအပ်ခဲ့ပါတယ်။ အဲဒီပစ္စည်းတွေကို ဆရာ ဆရာမတွေက  ဒီဇင်ဘာ ၁၅ ရက်မနက်မှာ ကလေးတွေကို တဆင့်ပြန်လည်ဝေငှရာ ပထမတန်းက အသက် ၉ နှစ်အရွယ် ခမ်းနွန်း ကိန်ဝိကျစ်နဲ့ နဝဖန်း ဆုခ်ဆေရီဖိုဖွန်းဆိုတဲ့ တောင်ပေါ်သား ကလေးငယ် ၂ ဦးက သူတို့ရထားတဲ့ ဂျင်းဘောင်းဘီဟောင်းတထည်ရဲ့ အိပ်ကပ်တွင်း တထောင်တန်အထပ်လိုက် တွေ့ရှိလို့ ဆရာမကို ပြန်လည်အပ်နှံခဲ့တာလို့ တာ့ခ်ခရိုင် အမှတ် ၂ အခြေခံပညာရေးရုံး ပြန်ကြားရေးတာဝန်ခံ နိုင်းဆဒါယု ဝတ်ဖမိုင်က သတင်းထောက်တွေကို ပြောပါတယ်။ အဆိုပါငွေတွေကို ရေတွက်ကြည့်ရာမှာ စုစုပေါင်း ဘတ်ငွေ ၁ သိန်းတိတိရှိတဲ့အတွက် မူလပိုင်ရှင်ကို ပြန်လည်အပ်နှံဖို့ အဝတ်အထည်တွေ လာလှူသွားတဲ့ အလှူရှင်တွေ ပြန်ပြီး ဆက်သွယ်နေပါတယ်။ တာ့ခ်ခရိုင် မယ်လမတ်မြို့နယ်ထဲမှာ ကရင်လူမျိုး တောင်ပေါ်သားတွေ အများဆုံး နေထိုင်ကြပါတယ်။
5 years Ago
Up