စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ငွေအရင်းအနှီးမရှိသည့် ပြဿနာကြုံတွေ့နေ

February 23, 2019

ကားတာယာမှ အိမ်သုံးပရိဘောဂပစ္စည်းများ ဖန်တီးနေသည့် ဂါနာ စွန့်ဦးတီထွင်လုပ်ငန်းရှင်

ဂါနာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တယောက်က သုံးပြီးသား ကားတာယာတွေကို ပြန်ပြုပြင်ပြီး အိမ်သုံးပရိဘောဂတွေအဖြစ် ဖန်တီးနေပါတယ်။ ဂါနာနိုင်ငံ အက္ခရာမြို့က အလုပ်ရုံမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဂျက်ဖှရဲ ယေဘွာဟာ ပြန်ပြုပြင်ထားတဲ့ ကားတာယာတွေကို သုံးပြီး ကော်ဖီစားပွဲတလုံးကို လုပ်နေတာပါ။ သူဟာ လွန်ခဲ့တဲ့ ငါးနှစ်တည်းက ပရိဘောဂ ဆိုင်ကို စဖွင့်ခဲ့ပြီး ပြန်ပြုပြင်ထားတဲ့ တာယာတွေ၊ ဖန်ခွက်တွေ၊ အထည်စတွေနဲ့ အရောင်အမျိုးမျိုးရှိတဲ့ ကြိုးတွေကိုသုံးပြီး ပုံစံထုတ်ပါတယ်။ စားပွဲအသေးတွေ၊ ဧည့်ခံစားပွဲတွေနဲ့ လက်တင် ကုလားထိုင်တွေကို ဘယ်လိုလုပ်ရမလဲ ဆိုတာ သူကိုယ်တိုင် ကြံဆလေ့လာခဲ့ပါတယ်။ “ဒီစီးပွားရေးအတွက် အမြင်က ကြီးတယ်၊ ကျယ်ပြန့်တယ်။ ကျနော်က ပိုကျယ်ပြန့်တဲ့ မြင်ကွင်းကို ကြည့်တယ်။ ကျနော်ဟာ ပြဿနာကို ဖြေရှင်းတဲ့ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းအဖြစ် ခံစားရတယ်။ ကျနော်ဟာ လမ်းတွေပေါ်က၊ ရေမြောင်းတွေထဲက ကားတာယာတွေကို ဖယ်ပေးနေတဲ့ အဓိပ္ပာယ်ပဲ။ ကားတာယာတွေ မီးရှို့တာ၊ ခြင်မွေးမြူရေး လုပ်နေတာတွေကို ရပ်တံ့အောင် လုပ်နေတယ်” လို့ သူက ဆက်ပြောပါတယ်။ ယေဘွာဟာ ဂါနာတက္ကသိုလ်မှာ အချိန်ပိုင်းကျောင်းသားဖြစ်ပြီး စီးပွားရေးနဲ့ သတင်းအချက်အလက် ဘာသာရပ်ကို လေ့လာနေပါတယ်။ သူ့ကုမ္ပဏီကနေ ဖောက်သည်တွေဟာ အထူးမှာယူတဲ့ ဒီဇိုင်းတွေကို ဝယ်နိုင်သလို သူ့ရဲ့ ပရိဘောဂ ကတ်တလောက် ကနေလည်း ပုံစံစုံကို ရွေးနိုင်ပါတယ်။ ပရိဘောဂတွေဟာ အရွယ်အစားနဲ့ ဒီဇိုင်းပေါ် မူတည်ပြီး အမေရိကန်ဒေါ်လာ ၃၀ ကနေ ၂၅၀ ထိ ကျသင့်ပါတယ်။ ယေဘွာဟာ လုပ်ငန်းချဲ့ထွင်ဖို့ ကြိုးစားနေပြီး ရန်ပုံငွေ ပိုရဖို့ လုပ်ဆောင်နေပါတယ်။
3 years Ago

July 10, 2018

စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ငွေအရင်းအနှီးမရှိသည့် ပြဿနာကြုံတွေ့နေ

မြန်မာနိုင်ငံက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတွေ အကောင်အထည် ဖော်ရာမှာ ငွေအရင်းအနှီးမရှိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအနေနဲ့ အဓိကရင်ဆိုင်ကြုံတွေ့နေရတဲ့ ငွေကြေးအပြင် ဈေးကွက်မှာ ရောင်းနိုင်ဖို့နဲ့ နည်းပညာပိုင်းတွေမှာပါ အားနည်းချက်တွေရှိနေပါတယ်။ အခုလို စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို  ဖြေရှင်းပေးနိုင်ဖို့ အခွင့်အလမ်းကောင်းတွေနဲ့ ချိတ်ဆက်ပေးမယ့် တတိယအကြိမ်မြောက် စွန့် ဦးတီထွင်ပွဲတော်ကို ကျင်းပပေးသွားမယ်လို့  မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။ လာမယ့် သြဂုတ် ၃ ရက်ကနေ ၅ ရက်နေ့အထိ ကျင်းပမယ့် စွန့်ဦးတီထွင်ပွဲတော်ကိုတော့ ရန်ကုန်မြို့မှာရှိ တပ်မေတော်ခန်းမမှာ ကျင်းပသွားမှာပါ။ လူငယ်တွေအနေနဲ့ အလုပ်အကိုင်မဲ့တာမျိုး မဖြစ်ရအောင်  စွန့်ဦးတီထွင်တဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ပြီး အောင်မြင်မှုတွေရရှိအောင် ဒီပွဲကနေ လမ်းညွှန်ပြသပေးနိုင်မှာဖြစ်တယ်လို့  မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာသဲမြတ်စိုးကပြောပါတယ်။ မြန်မာ့စီးပွားရေးလုပ်ငန်းရဲ့  ၉၉ ရာခိုင်းနှုန်းက SME လုပ်ငန်းတွေဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်း၊ တနိုင်တပိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနဲ့  ခရီးသွားလုပ်ငန်းစတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေကြတာပါ။
4 years Ago
Up