စွန့်စွန့်စားစား စစ်မြေပြင်ကြားက ထိုင်းရဲတပ်ဖွဲ့ သေနတ်ပစ်လေ့ကျင့်ကစားပွဲ

July 25, 2016

စွန့်စွန့်စားစား စစ်မြေပြင်ကြားက ထိုင်းရဲတပ်ဖွဲ့ သေနတ်ပစ်လေ့ကျင့်ကစားပွဲ (ရုပ်သံ)

“ဒါကို ဆမ်ပရန် ပထမတန်း သေနတ်ပစ်ဂိမ်းလို့ ခေါ်ပါတယ်။ ဒါက ဘာကို ကိုယ်စားပြုသလဲဆိုတော့ ထိုင်းရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ပုံရိပ်ကို အပြုသဘောဆောင်ပြီး မြှင့်တင်နိုင်ဖို့ပါပဲလို့” ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အကယ်ဒမီမှ ထိုင်းရဲဒု-ဗိုလ်ချုပ်ကြီး ဆက်ခ်ဒါ တက်ချက်ကရီယန်ခရိုင်က ပြောလိုက်ပါတယ်။ အရာရှိသင်တန်းသားတွေကို ဘီဘီသေနတ်ပစ်လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန် ကြိုးစားကြဖို့ သူက နှိုးဆော်လေ့ရှိပါတယ်။ အဲဒီသေနတ်ပစ်ကွင်းက သင်တန်းကျောင်းရဲ့ အနောက်ဘက်တောထဲမှာ တည်ရှိနေတာဖြစ်ပြီး သင်တန်းသားတွေဟာ အဲဒီနေရာမှာ သေနတ်ပစ်လေ့ကျင့်ပြီး အတွေ့အကြုံတွေ ယူကြရတာပါ။ ဘီဘီဂန်း သေနတ်ပစ်တပ်ဖွဲ့ဆိုတာ ထိုင်းနိုင်ငံမှာတင်မကဘဲ ကမ္ဘာမှာလည်း ထင်ရှားကျော်ကြားပြီး ဒီလေ့ကျင့်ရေး ကာလတလျှောက်မှာ လက်နက်တွေကို ဘယ်လိုအသုံးပြုရမလဲ၊ ရာဇ၀တ်ပြစ်မှုဆိုင်ရာ အမှုအခင်းတွေမှာ ဘယ်လို ဖြေရှင်းတိုက်ခိုက်ကြမလဲ ဆိုတာတွေကို သင်ကြားကြရတာပါ။ သင်ကြားရေးကွင်းပြင်ထဲမှာ သင်ထောက်ကူ ပစ္စည်းတွေနဲ့အတူ တကယ့်လက်ရှိ ပြင်ပမှာ ဖြစ်နေပုံအတိုင်း ပြင်ဆင်လေ့ကျင့် သင်ကြားပေးနေတာပါ။ သေနတ်ပစ်ဂိမ်းရဲ့ သင်တန်းဆရာတဦးဖြစ်တဲ့ ဆူဗစ်ချာကယ်လင်တာက “သင်တန်းသားအများစုက ဘီဘီသေနတ်ပစ် ကျွမ်းကျင်သူတွေချည်း မဟုတ်ပါဘူး။ သူတို့နဲ့အတူ သင်တန်းဆရာတွေ၊ ပညာရှင်တွေက ပူးပေါင်းပြီး သင်ကြားပေးနေကြတာပါ” လို့ ပြောပါတယ်။ လေ့ကျင့်ရေးကွင်းပြင်ဟာလည်း ပြည့်စုံအောင် ပြင်ဆင်ထားပြီး အဆောက်အအုံ၊ အကာအကွယ်တွေ၊ မျှော်စင်တွေ၊ ရေကန်တွေ၊ လမ်းကြမ်းတွေ စသဖြင့် ထည့်သွင်းထားရှိပြီး ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး လေ့ကျင့်ရေးကွင်းတွေထဲမှာ တခုအပါအ၀င်ဖြစ်တယ်လို့ ဆိုပါတယ်။ ကစားပွဲမှာ အဖွဲ့တဖွဲ့ဘက်မှာ ဓားစာခံတယောက်ထားရှိကာ အဲဒီဓားစားခံကို တခြားအဖွဲ့က လွတ်မြောက်အောင် ကယ်ထုတ်ရတာ ဖြစ်ပါတယ်။ တကယ့်အဖြစ်အပျက်အတိုင်း မီးခိုးလုံးတွေလို အထူးပြုလုပ်ချက်တွေ၊ ပုံစံတူ အခြေအနေတွေနဲ့ ဖန်တီးထားတာမို့ ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းပြီး ပညာလည်းသင်ရင်း ဖျော်ဖြေမှုလည်းပေးနိုင်တဲ့ နေရာပါပဲ။ ကျောင်းသားတွေဟာ ဗျူဟာမြောက်အပြင်အဆင်၊ သုံးသပ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေနဲ့အတူ မတူညီတဲ့ အခြေအနေတွေမှာ ပြင်ဆင်နိုင်အောင် ဘီဘီဂန်းသေနတ်တွေ အသုံးပြု လေ့ကျင့်ကြရတာပါ။ သင်တန်းသားချင်း အတွေ့အကြုံ ပညာတွေလည်း ဖလှယ်နိုင်မှာဖြစ်ပြီး သူတို့အနေနဲ့ သင်တန်းကို အဆင့်မီဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ခုလို စစ်မြေပြင်သင်ကြားမှုဆိုင်ရာ ပရောဂျက်အတွက် သူတို့အနေနဲ့ ရန်ပုံငွေရှာဖွေရေး လုပ်ငန်းတွေလည်း လုပ်ဆောင်နေပြီး ခုထက်ပို အောင်မြင်မယ်လို့ မျှော်လင့်တယ်ကြောင်း ရဲဒု-ဗိုလ်ချုပ်ကြီး ဆက်ခ် ဒါတက်ချက်ကရီယန်ခရိုင်က ပြောပါတယ်။
7 years Ago
Up