စျေးကွက်သုတေသီ

September 28, 2021

ပြည်တွင်းရွှေစျေးကွက် အန္တရာယ်ဇုန်ကျရောက်နေပြီဟု စျေးကွက်သုတေသီများ သုံးသပ်

ပြည်တွင်းရွှေစျေးက ရှိသင့်ရှိထိုက်တဲ့ စျေးထက်ကျော်လွန်နေပြီဖြစ်လို့ စျေးကွက်က အန္တရာယ်ဇုန်ထဲ ကျရောက်နေပြီလို့ စျေးကွက်သုတေသီတွေက သုံးသပ်ပြောပါတယ်။

ရန်ကုန်ရွှေရောင်းဝယ်ရေးစျေးကွက်မှာ စက်တင်ဘာ ၂၈ ရက် ဒီနေ့မွန်းလွဲ ၁ နာရီမှာ အကယ်ဒမီရွှေ တကျပ်သား စျေးနှုန်းက  ၂၂ သိန်း ၂ သောင်း ရှိပါတယ်။ ကမ္ဘာ့ရွှေစျေးက တအောင်စကို ၁၇၄၀ ဒေါ်လာရှိပါတယ်။

ဒီနေ့ ကမ္ဘာ့ရွှေစျေးနှုန်းအပေါ် အခြေခံပြီး အမေရိကန် တဒေါ်လာတန်ဖိုး မြန်မာငွေ ၂၀၀၀ ကျပ်နှုန်းဖြင့် တွက်ရင် ရှိသင့်တဲ့ မြန်မာ့ရွှေစျေးက ၁၈ သိန်းကျော်ပဲ ရှိပါတယ်။ ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့ရွှေဈေးက စျေးကွက်အတွင်းမှာ ရှိသင့်ရှိထိုက်တဲ့ စျေးတန်းထက် ကျော်လွန်နေပြီဖြစ်လို့ စိုးရိမ်ရေမှတ်ဆီ ရောက်နေပါတယ်။

မြန်မာ့ရွှေစျေးကွက်အပေါ်စောင့်ကြည့်နေတဲ့ သုတေသီတဦးက “တချို့ကလည်း ဒီစျေးကွက်ထဲမှာ ဝယ်တာလည်းမဟုတ်၊ ရောင်းတာလည်း မဟုတ်ပဲနဲ့။ ကောလာဟလကို လွှင့်ပြီးလုပ်နေတာ။ အခုဆိုရင် ရွှေစျေးကွက်က ပျက်သုန်းဖို့အချိန်တောင် နီးလာပြီလို့ ပြောရမယ်။ ဘာကြောင့်လည်းဆို ရွှေစျေးက လိုအပ်တာထပ်ကျွံသွားပြီ။ ဖြင့်သင့်ဖြင့်ထိုက်တာထက် လွန်သွားပြီ။ ၁၃ သိန်းကနေ ဒီနှစ်အတွက် အမှန်တကယ် ဖြစ်သင့်တာက ၁၈ သိန်း၊ ၁၉ သိန်းပါ။ အခုတော့ ဟိုအကြောင်း၊ဒီအကြောင်း အကြောင်းမျိုးစုံကြောင့် အဲ့လိုတွေ တက်သွားတယ်။ အခုတော့ ၂၂ သိန်း တောင်ကျော်သွားပြီဆိုတော့ ဒါတွေက ကျွံသွားပြီ။ စျေးကွက်ပျက်သုဉ်းတယ်ဆိုတာ လူတွေက ရွှေကို ဝယ်လည်း မဝယ်ရဲ။ ရောင်းလည်း မရောင်းရဲတွေ ဖြစ်ကုန်တာကို ဆိုလိုတာပါ။ ဘာလို့လဲဆို ရှိတဲ့ ရွှေလည်း ထုတ်မရောင်းရဲသလို လက်ထဲရှိတဲ့ ငွေနဲ့လည်း ရွှေထက်မဝယ်ရဲ ဖြစ်ကုန်ကြပြီ” လို့ပြောပါတယ်။

ရွှေလုပ်ငန်းရှင်တဦးရဲ့ အမြင်ကတော့ “အခုကမ္ဘာ့ရွှေစျေးနဲ့တွက်ရင် ဒါတွေက မဖြစ်သင့်တဲ့စျေးပေါ့နော်။ ဒါပေမဲ့ အပြင်မှာ ဒေါ်လာလဲလှယ်နှုန်းတွေက ကျနော်တို့ သိတဲ့နှုန်းတွေထက် ပိုနေတော့ စျေးတွေက တက်နေတာ။ ဒါကြောင့် ရွှေအသင်းက ဝင်ထိန်းဖို့ဆိုတာက ဒီလို အခြေအနေမှာ ကျနော် အတွေ့အကြုံအရကတော့ အသင်းက ဝင်ထိန်းလို့ ရှိရင် ပိုဆိုးသွားမယ်ဗျ။ ဘာလို့လဲဆို လူတယောက်က ရွှေကို ဘယ်လောက်ပဲ ဝယ်လို့ ရတော့မယ်လို့ ဖြစ်လာရင် တန်းစီပြီး ဝယ်ကြလာလိမ့်မယ်။ ကျနော်တို့ ဖြစ်စေချင်တာကတော့ နိုင်ငံတော်အစိုးရက ရွှေကို အလုံးအရင်းနဲ့ထုတ်ရောင်းမယ်ဆိုပါတော့။ အဲ့လို ထုတ်ရောင်းပြီး မြန်မာငွေတွေကို နိုင်ငံတော် ဘဏ်ထဲမှာ သိမ်းလိုက်ရင် ဘာဖြစ်မလဲဆို ပြည်သူလူထုလက်ထဲမှာ ငွေတွေ မရှိတော့ပဲ ရွှေချည်းပဲ ဖြစ်သွားမယ်ဆိုရင် ရွှေစျေးက အေးသွားလိမ့်မယ်။ ပြီးတော့ ငွေတန်ဖိုးလည်း ခိုင်မာသွားမယ်” လို့ပြောပါတယ်။

ရွှေစျေးနဲ့အပြိုင် အမေရိကန် ၁ ဒေါ်လာတန်ဖိုးကလည်း စက်တင်ဘာ၂၈ ရက် ဝယ်စျေးက ၂၃၇၀ ကျပ်နဲ့ ရောင်းစျေးက ၂၄၃၀ ကျပ်ရှိပါတယ်။

စစ်ကောင်စီလက်အောက်ခံ နိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ နိုင်ငံတော်ပိုင် နိုင်ငံခြားအရန်ငွေကြေးတွေကို လေလံစနစ်နဲ့ ရောင်းချပေးနေပေမဲ့ အမေရိဒေါ်လာတန်ဖိုးက အကျမရှိဘဲ တလျှောက်လုံးအတက်ပဲ ရှိနေပါတယ်။

ဗဟိုဘဏ်က အခုလိုအလွယ်လိုက် ဖြေရှင်းနေတာက နိုင်ငံခြားအရန်ငွေကြေးတွေသာ ကုန်ဆုံးနိုင်တာကြောင့် လက်တွေ့ ကျကျဖြေရှင်းနိုင်မှာ မဟုတ်တဲ့အကြောင်း  စီးပွားရေးသုတေသီတဦးက သုံးသပ်ပြောပါတယ်။

“ဒီအချိန်က နိုင်ငံတိုင်းမှာ ပို့ကုန်သမားတွေကို အားပေးမြှင့်တင်နေတဲ့အချိန်ဖြစ်လို့ ကျနော်တို့ဆီက လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲ၊ ‌ပြောင်း၊ ရော်ဘာတင်ပို့သူတွေကို အားပေးမြှင့်တင်ရမယ့်အချိန်ပါ။ ပို့ကုန်အားပေးမယ်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ပို့ကုန်ကနေ ပြည်ဝင်ငွေ ရှာပေးနေတယ် ဆိုတာကိုသိရင် သူတိူ့အတွက် ကူညီထောက်ပံ့ ပေးဖို့ လိုပါတယ်။ ဒီနေရာမှာ ဗဟိုဘဏ်အနေနဲ့ Export Financings  ကို ပို့ကုန်သမားတွေအတွက် လုပ်ပေးရမယ့်အချိန်ပါ။ ဗဟိုဘဏ်ကသာ Exporter တွေအတွက် Financing လုပ်ပေးရင် Exporter တွေအတွက် Cash Cycle မြန်လာလိမ့်မယ်။ ဆိုတော့ သွင်းကုန်သမားတွေက ပို့ကုန်သမားတွေဆီက ဈေးသက်သာစွာနဲ့ဝယ်နိုင်မှာ ဖြစ်လို့ စျေးကွက်ထဲကနေ ဝယ်နေရတဲ့ ဒေါ်လာလိုအပ်ချက်လျော့ကျစေပြီး exchange rate ကို stabilizing ပြန်ဖြစ်စေမှာပါ” လို့ ထောက်ပြပြောပါတယ်။

1 year Ago
Up