တရုတ်နိုင်ငံသား နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် လူရှောင်ဘိုရဲ့ ဈာပနအခမ်းအနားကို ဇူလိုင် ၁၅ ရက် မနက်ပိုင်းက မိသားစု ဆန္ဒ၊ ဒေသန္တရ ထုံးတမ်းစဉ်လာတို့နဲ့အညီ မီးသင်္ဂြိုဟ်ပြီး ကျင်းပခဲ့ပါတယ်။
အဲဒီနောက် သူ့ရဲ့ အရိုးပြာကို ပင်လယ်ထဲမှာ ကြဲဖြန့်ခဲ့ပါတယ်. ဈာပနအခမ်းအနားကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်ရဲ့ မြို့တော် ရှန်းယန်မှာ ကျင်းပခဲ့တာပါ။
အသက် ၆၁ နှစ်အရွယ် လူရှောင်ဘိုဟာ အသည်းကင်ဆာရောဂါကြောင့် ကိုယ်တွင်းအင်္ဂါ အများအပြား ပျက်စီးရာက ဇူလိုင် ၁၄ ရက်နေ့ ကွယ်လွန်ခဲ့တာပါ။
သူ့လက်ရှိ ဇနီး လူရှာနဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေက ဈာပနကို လိုက်ပါ ပို့ဆောင်ခဲ့တယ်လို့ ရှန်းယန်စည်ပင် ပြန်ကြားရေးရုံး ပြောခွင့်ရ ကျန်းချင်းယန်က ပြောပါတယ်။
“လက်ရှိဇနီးသည် လူရှာဟာ တရုတ်နိုင်ငံသား ဖြစ်လို့ သက်ဆိုင်ရာ အစိုးရဌာနက သူ့ရဲ့ တရားဝင် ရပိုင်ခွင့်နဲ့ အကျိုးစီးပွားကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်၊ သူ့ကို အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့တယ်၊ ဒါပေမယ့် ခင်ပွန်းသည် ဆုံးရှုံးလို့ အကြီးအကျယ် ဝမ်းနည်း နေတဲ့အတွက် သူ့ကို အနှောင့်အယှက်မပေးဖို့ ကြိုးစားမယ်” လို့ ကျန်းက ဆက်ပြောပါတယ်။
လူရှောင်ဘိုဟာ တရုတ်အစိုးရ သြဇာကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ လှုံ့ဆော်မှုနဲ့ ၂၀၀၉ ခုနှစ်က ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် စီရင်ခံခဲ့ရတာပါ။
၂၀၁၀ မှာတော့ တရုတ်နိုင်ငံတွင်း ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရခဲ့ပါတယ်။
သူ့ကို ကုသပေးတဲ့ တရုတ်ဆေးတက္ကသိုလ် ဆေးရုံက သူ့အသက်ကို ကယ်ဖို့ အကောင်းဆုံး ကြိုးစားခဲ့တယ်လို့ တာဝန်ရှိသူ ဆရာဝန်က ပြောပါတယ်။
သူ့ကို ပူးပေါင်းကုသဖို့ တရုတ်က ဂျာမနီနဲ့ အမေရိကန်က နာမည်ကြီး ဆေးဘက် ပညာရှင် တွေကိုပါ ဖိတ်ခေါ်ခဲ့တယ်လို့လည်း တရုတ်အစိုးရ ရုပ်သံ စီစီတီဗွီက အစီရင်ခံခဲ့ပါတယ်။
ဒါပေမယ့် နိုင်ငံတကာကတော့ လူရှောင်ဘို နိုင်ငံခြားထွက်ပြီး ဆေးကုသခွင့် တောင်းခဲ့ပေမယ့် အစိုးရက ခွင့်မပြုခဲ့တာဟာ လူရှောင်ဘိုကို အသက်ထွက် မြန်စေခဲ့တာပဲလို့ ဝေဖန်ခဲ့ကြပါတယ်။
6 years Ago