ဘရာဇီးနိုင်ငံမှ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတဦးဟာ အသက်ရှင်နေလျက်နဲ့ ခေါင်းတလားထဲဝင်ကာ ထူးဆန်းတဲ့ ဈာပနအခမ်းအနားတရပ်ကို ကျင်းပခဲ့ပါတယ်။
ဗီယာ လူစီယာ ဒါဆေးလ်ဗား အမည်ရတဲ့ အဆိုပါအမျိုးသမီးဟာ ဒီအခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက် သရဲတစ္ဆေကြီးများနေ့က နေအိမ်မှာ ကျင်းပခဲ့တာပါ။
သူဟာ ခေါင်းတလားထဲဝင်ပြီး သေဆုံးသူတယောက်လို ဟန်ဆောင်ကာ ဈာပနအခမ်းအနားတခုသဖွယ် ပြင်ဆင်ထားခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီအခမ်းအနားကို သူ့ရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ဒါဟာ ဘ၀မှာ အကောင်းဆုံးနေ့တနေ့ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
ခုလို ဈာပနအခမ်းအနားကျင်းပဖို့ အိပ်မက်ဟာ လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းက ရှိနေခဲ့တာလို့ သူက ပြောပါတယ်။
ဗီယာရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ဒီအကြံဉာဏ်ကို ဆန့်ကျင်ခဲ့ကြပေမယ့် ခုတော့ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။
Eternal Garden ဈပနအခမ်းအနားကျင်းပရေး ၀န်ဆောင်မှုလုပ်ငန်းရဲ့ ပိုင်ရှင် ပေါ်လို အာရောဂျိုက ဗီယာ့အတွက် သင်္ချိုင်းမြေနေရာနဲ့ ခေါင်းတလားကို လှူဒါန်းခဲ့တာပါ။
“ဗီယာဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ခုလိုကျင်းပဖို့ ပြင်ဆင်နေခဲ့တယ်။ သူ့ရဲ့ခင်ပွန်းကတော့ ဒါကို မလုပ်စေချင်ခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးတော့ မိသားစုဝင်တွေရော မိတ်ဆွေတွေပါ သဘောတူလက်ခံမှတော့ ရှေ့ဆက်ရုံ ရှိတော့တာပေါ့” လို့ ပေါ်လို အာရောဂျိုက ပြောပါတယ်။
မနက် ၉ နာရီကနေ ညနေ ၆ နာရီထိ တနေ့တာလုံးကျင်းပတဲ့ ဒီဈာပနအခမ်းအနားမှာ ဗီယာဟာ သေဆုံးသူတဦးလို မိတ်ကပ်တွေလည်း ပြင်ဆင်ထားခဲ့တာပါ။
ဗီယာက “ကျမ မိတ်ဆွေတွေကို ဖိတ်တဲ့အချိန်မှာ ဒါဟာ ကျမနောက်ပြောင်နေတာလို့ ထင်ကြတယ်။ သူတို့အနေနဲ့ သိပ်စိတ်ထဲမထားခဲ့ကြဘူး။ အခမ်းအနားကျင်းပတဲ့အချိန် တနေကုန် ကျမဟာ အုန်းစိမ်းရေနဲ့ လက်ဖက်ရည်သောက်တဲ့အချိန် ခေါင်းကို လှုပ်ရှားတာကလွဲပြီး မလှုပ်မယှက်နေခဲ့တာ” လို့ ပြောပါတယ်။
သူ့အနေနဲ့ လက်ရှိအချိန်မှာ သေဆုံးကွယ်လွန်ဖို့ အဆင်သင့်မဖြစ်သေးပေမယ့် ဈာပနအခမ်းအနားကျင်းပတဲ့ တနေ့လုံးအတွက် စိတ်ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။
6 years Ago