စိန်

September 27, 2017

တင်းနစ်ဘောလုံးအရွယ် ကမ္ဘာ့ဒုတိယအကြီးဆုံး စိန်အရိုင်းတုံးကို ပေါင် ၅၃ သန်းဖြင့် ရောင်းချ

တင်းနစ်ဘောလုံးတလုံး အရွယ်အစားရှိတဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး စိန်အရိုင်းတုံးတတုံးကို ပေါင် ၅၃ သန်းနဲ့ ရောင်းချနိုင်ခဲ့ပြီဖြစ်တယ်လို့ စီအန်အန်သတင်းတပုဒ်မှာ စက်တင်ဘာ ၂၆ ရက်နေ့က ဖော်ပြပါတယ်။ ဒီစိန်တုံးကြီးကို ဗြိတိန်ကျောက်မျက်ရတနာကုမ္ပဏီ ဂရက်ဖ်ဒိုင်းမန်းစ်က ကနေဒါ သတ္တုတွင်းလုပ်ငန်းကုမ္ပဏီ လူကရာဒိုင်းမန်းဆီကနေ ဝယ်ယူခဲ့တာပါ။ အလေးချိန် ၁၁၀၉ ကာရက်ရှိတဲ့ ဒီစိန်တုံးကြီးကို ၂၀၁၅ ခုနှစ်ကုန်ပိုင်းလောက်က ဘော့ဆွာနာနိုင်ငံမှာ တူးဖော်ရရှိခဲ့တာ ဖြစ်ပါတယ်။ “အံ့မခန်းတဲ့ ဒီစိန်တုံးကြီးကို ထိန်းသိမ်းထားသူတွေအဖြစ် ကျနော်တို့ ဂုဏ်ယူရတော့မှာပါ” လို့ ဂရက်ဖ်ဒိုင်းမန်းစ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ စိန်တုံးကြီးရဲ့ နာမည်ကိုတော့ ဒေသအခေါ် လေဆဲဒီလာရိုနာလို့ အမည်ပေးထားတာဖြစ်ပြီး ဒါဟာ ‘ကျနော်တို့ရဲ့ အလင်းရောင်’ လို့ အဓိပ္ပာယ်ရပါတယ်။ လူကရာအနေနဲ့ အစပိုင်းတုန်းကတော့ ရာစုနှစ်တဝက်ကျော်အတွင်း တွေ့ရသမျှစိန်တွေထဲ အရည်အသွေး အကောင်းဆုံးဖြစ်တဲ့ စိန်တုံးကြီးအဖြစ် ပေါင်သန်း ၇၀ အထိ ရရှိဖို့ မျှော်မှန်းထားခဲ့တာပါ။ မနှစ်ကတည်းက ဒီစိန်တုံးကြီးကို လေလံတင်ရောင်းချခဲ့တာ ဖြစ်ပေမယ့် ဈေးနှုန်းမတိုက်ဆိုင်တာကြောင့် မရောင်းချနိုင်ခဲ့ပါဘူး။ ဗြိတိန်ကျောက်မျက်ရတနာကုမ္ပဏီ ဂရက်ဖ်ဒိုင်းမန်းစ်ကတော့ တန်ဖိုးကြီး တွင်းထွက်ကျောက်မျက်ရတနာတွေကို ဒေါ်လာသန်းချီပေး ဝယ်ယူစုဆောင်းခဲ့တဲ့ သမိုင်းအစဉ်အလာရှိတဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။
4 years Ago
Up