စုံစမ်းမေးမြန်းခံနေရ

September 24, 2017

ကမ္ဘာ့စံချိန်ချိုးရန် ကလေးရာချီသုံးခဲ့သည့် မင်္ဂလာစုံတွဲ စုံစမ်းမေးမြန်းခံနေရ

ကမ္ဘာ့စံချိန်ချိုးဖို့ ၂ မိုင်အရှည် ဆာရီကြီးအား ကလေးမြောက်မြားစွာ အသုံးပြုကိုင်ခိုင်းခဲ့တဲ့ မင်္ဂလာစုံတွဲကို ကလေးအခွင့်အလမ်း ကာကွယ်ရေးအမှုနဲ့ စုံစမ်းမေးမြန်းခံနေရတယ်လို့ သိရပါတယ်။ သီရိလင်္ကာနိုင်ငံ ကန်ဒီမြို့မှာ မင်္ဂလာစုံတွဲက လက်ထပ်ခဲ့တာဖြစ်ပြီး သတို့သမီးရဲ့ ၂ မိုင်အရှည် ရိုးရာဝတ်စုံ ဆာရီစ အခွေကို ဦးဆုံး ဖြည်ရမှာပါ။ မြို့တလျှောက်လုံး ရိုးရာသတို့သမီးဝတ်စုံပါ ဆာရီအစရှည်ကြီးကို သယ်ဆောင်ဖို့ ကလေးအမြောက်အမြား အသုံးပြုခဲ့တာ ရုပ်သံထဲမှာ မြင်ရပါတယ်။ ဂေါ့ဆစ်ပ်လန်ကာသတင်းဌာနအရ မင်္ဂလာစုံတွဲက ကြယ်ငါးပွင့်အဆင့်ရှိ ဂရန်းကန်ဒီယမ်ဟိုတယ်မှာ နေခဲ့ပြီး ရိုးရာသတို့သမီးဝတ်စုံပါ ဆာရီစကို ကိုင်ဖို့ ကျောင်းသား ၂၅၀၊ လိုအပ်သလို ပန်းကိုင်ဆောင်တဲ့ မိန်းကလေးတွေနေရာအတွက်လည်း နောက်ထပ် ကလေး ၁၀၀ လိုအပ်ခဲ့တာပါ။ ကျောင်းချိန်မှာ ကလေးတွေကို အသုံးပြုခဲ့လို့ မင်္ဂလာစုံတွဲကို အာဏာပိုင်တွေက စုံစမ်းနေကြပြီး စုံတွဲရဲ့ ပျော်ချိန်က ခဏတာပဲ ဖြစ်မယ်လို့ ဒေသခံသတင်းတွေက ဖော်ပြထားပါတယ်။ ကျောင်းချိန်မှာ ကလေးတွေကို အသုံးပြုခဲ့တာက တရားမဝင်ဘူး၊ ဟန်းနီးမွန်းကာလကို ထောင်တွင်း ကျခံရနိုင်တယ်လို့ နိုင်ငံရဲ့ကလေးကာကွယ်ရေး အာဏာပိုင်တွေ (အန်စီပီအေ) က ပြောလိုက်ပါတယ်။ မင်္ဂလာစုံတွဲရဲ့ ရှက်ဖွယ်အပြုမူကြောင့် ကလေးအခွင့်အရေးတွေ ချိုးဖော်က်ခံရတယ်လို့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အန်စီပီအေ ဥက္ကဋ္ဌ မာရီနီဒီလီဗီရာက မြို့အတွင်းမှာ ဒီအဖြစ်မျိုး ပုံမှန်လို ဖြစ်မလာစေချင်ဘူးလို့ ပြောပါတယ်။ “ကလေးတွေရဲ့ ပညာရေးကို ပိတ်ပင်တာ၊ သူတို့ရဲ့လုံခြုံရေးအတွက် အန္တရာယ်ရှိစေတာ၊ သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာက ရာဇဝတ်မှုပဲ၊ မင်္ဂလာစုံတွဲ လုပ်လိုက်တာက ကလေးအခွင့်အရေးကို ချိုးဖောက်လိုက်တာပဲ” လို့ အန်စီပီအေ ဥက္ကဌက ပြောပါတယ်။ ကလေးတွေက မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ စင်ထရယ်ခရိုင် ဝန်ကြီးချုပ် ဆာရက်သ်အီကာနာယာကာ အမည်ပေးထားတဲ့ ကျောင်းက ကလေးတွေဖြစ်တယ်လို့ ယူဆရကြောင်း မေရာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up