စံပြကျေးရွာ

September 19, 2021

စံပြကျေးရွာတွင် မိုင်းပေါက်ကွဲမှုကြောင့် ၇ နှစ်ရွယ် ကလေးငယ် ၁ ဦး ဒဏ်ရာရ

ပုလဲမြို့နယ်နဲ့ မြိုင်မြို့နယ်စပ်က စံပြကျေးရွာမှာ စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီလောက်က စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းပေါက်ကွဲမှုကြောင့် ၇ နှစ်ရွယ်က ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကျေးရွာသားတွေဆီက သိရပါတယ်။

“ညနေ ၅ နာရီလောက်က ပေါက်ကွဲတာဗျ။ ကလေးက ခရမ်းစိုက်ခင်းထဲ ပြေးလွှား ဆော့နေတာကနေ ခရမ်းပင်ကို အပ်ချည်ကြိုးချည်ထားပြီး တစ်ဖက်က လက်ပစ်ဗုန်းစနက်တံကို ချည်ပြီး တိုက်မိုင်းပုံစံ လုပ်ခဲ့ဟန်တူပါတယ်။ အဲဒီကြိုးကို ကလေးက ကစားရင်းတိုက်ပြီး ပေါက်ကွဲသွားတယ်။ ကလေး ကံကောင်းသွားတယ်လို့ ပြောရမှာပေါ့ဗျာ။ ဝမ်းဗိုက် ရှပ်ထိသွားတာ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” လို့ စံပြရွာသားတဦးက ပြောပါတယ်။

စံပြကျေးရွာအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ရောက်တပ်စွဲပြီး အပြစ်မဲ့ ရွာသားနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကာ နောက်ထပ်ရွာသား ၁ ဦးကိုလည်း ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းက ကားတစ်စီးနဲ့ ဆိုင်ကယ်အများအပြားကိုလည်း မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

1 month Ago

September 15, 2021

မြိုင်မြို့နယ် စံပြကျေးရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီး၊ လူငယ် ၁ ဦးကျဆုံး

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ စံပြကျေးရွာကို စက်တင်ဘာ  ၁၅ ရက် ဒီနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုတွေ ဝင်ရောက်မီးရှို့ပြီး ပစ်ခတ်တာကြောင့် လူငယ်တစ်ယောက်ကျဆုံးခဲ့ ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စု အင်အား ၅၀ လောက်ဟာ  စံပြရွာ စာသင်ကျောင်းမှာနေရာယူတပ်စွဲထားပြီးတော့ ဖြတ်သွားတဲ့ပြည်သူတွေကို သေနတ်တွေနဲ့ ပစ်ခတ်တာကြောင့် ကြောက်လန့်ပြီးတော့ ရေထဲကိုခုန်ချပြေးတဲ့  လူငယ် ၃ ယောက်အနက် တစ်ယောက် ကျည်ဆန်ထိမှန် သေဆုံးခဲ့တာလို့ ဒေသခံရွာသား တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ရွာထဲက နေအိမ်တစ်လုံး၊ ပရဟိတကားတစ်စီးနဲ့ ဆိုင်ကယ်အဆီး ၁၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့သလို  နေအိမ်တွေကိုမွှေနှောက်ပြီး ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ ပစ္စည်းတွေကို သယ်ခိုင်းခဲ့ပြီး  စံပြရွာအနီးနားဝန်းကျင်ရှိ  ဌေးအောင်ကျေးရွာကို ရောက်မှ ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။

ရွာထဲကိုဝင်တဲ့အချိန်မှာလည်း RPG နဲ့ပစ်ခတ်ပြီး သေနတ်တွေဆက်တိုက်ပစ်ဖောက်ပြီး ဝင်မွှေနေတယ်လို့ ဌေးအောင်ရွာသားတွေက ပြောပါတယ်။

စံပြကျေးရွာမှာ အိမ်ခြေ ၆၀၀ လောက်ရှိပြီးတော့ အနီးပတ်ဝန်ကျင်က ဌေးအောင်ကျေးရွာနဲ ပန်းတော်ပြင် ကျေးရွာက ပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

1 month Ago
Up