စံချိန်သစ်များရ

September 28, 2020

အသင်းသစ်အတွက် သွင်းဂိုး ၂ ဂိုးနှင့်အတူ စံချိန်သစ်များရခဲ့သည့် ဆွာရက် (ရုပ်သံဟိုက်လိုက်)

တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ အက်သလက်တီကိုအသင်းနဲ့ ဂရန်နာဒါတို့ပွဲစဉ်မှာ တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဟာ အသင်းသစ်အတွက် သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။  ဒီပွဲမှာ အက်သလက်တီကိုအသင်းက ၆ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။ ဆွာရတ်ဟာ အက်သလက်တီကိုအသင်းကို ပြီးခဲ့တဲ့ကြာသာပတေးနေ့ကမှ ယူရို ၆ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။  အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ အခုပွဲရဲ့ မိနစ် ၇၀ မှာ ဒီယေဂို  ကော်စတာနဲ့ လူစားလဲခဲ့ပြီး အသင်းသစ်အတွက်ပွဲဦးထွက်ခဲ့ပါတယ်။  ဆွာရက်ဝင်ရောက်ချိန်မှာ အသင်းဟာ ၃ ဂိုးပြတ်နဲ့အနိုင်ရရှိထားပြီး ဥရုဂွေးတိုက်စစ်မှူးက ကွင်းထဲရောက်ပြီး ၂ မိနစ်အကြာမှာတင် မာကို့စ်လော်ရန်တေးအတွက် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။  အဲ့ဒီနောက်မှာ ဆွာရက်ကြောင့် ပင်နယ်တီတစ်လုံးရရှိခဲ့ပေမဲ့ VAR ဆုံးဖြတ်ချက်နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။  ဆွာရက်ဟာ လော်ရန်တေးရဲ့ဖြတ်တင်ဘောကနေ အသင်းသစ်အတွက် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီးအချိန်ပိုမှာလည်း ဗီတိုလိုနဲ့ ဝမ်းတူးရိုက်ကာ ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။  ဒီသွင်းဂိုးတွေကြောင့် ဆွာရက်ဟာ ၂၁ ရာစုအတွင်း အက်သလက်တီကိုအသင်းအတွက် ပွဲဦးထွက်မှာတင် ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်သာမက ပွဲဦးထွက်မှာတင် ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။  ဘာစီလိုနာအသင်းမှာ ၆ နှစ်ကြာ ကစားခဲ့တဲ့ ဆွာရတ်ဟာ နည်းပြသစ်ကိုးမန်းကြောင့် အက်သလက်တီကိုအသင်းကို ရောက်ရှိလာသူဖြစ်ပြီး အသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။  ကိုးမန်းဟာ သူ့ရဲ့အနာဂတ်အစီစဉ်တွေမှာ ဆွာရက်ကို ထည့်သွင်းထားခြင်းမရှိတာကြောင့် ဆွာရက်ဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့ရတာလို့ သတင်းတွေမှာဖော်ပြပါတယ်။ 
7 months Ago
Up