ဒီမနက်အစောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးက အေဂျက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ၁၆ သင်းအဆင့်ကိုလည်း တက်ရောက်သွားပါတယ်။
ဒီပွဲရဲ့ တလုံးတည်းသော အနိုင်ဂိုးကို ဝီလီယမ်ရဲ့ ဖြတ်တင်ဘောကနေ ကာတစ်ဂျုံးက ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာဖြစ်ပြီး လီဗာပူး လူငယ်ကစားသမား နီကိုးလ်ဝီလီယမ်နဲ့ ကာတစ်ဂျုံးတို့ဟာ အသင်းအတွက် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ လီဗာပူးအသင်းဟာ ဗန်ဒိုက်၊ သီယာဂိနဲ့ ဂျိမ်းစ်မီလ်နာတို့လို နာမည်ကြီး ကစားသမားတွေ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ လူငယ် ၂ ဦးရဲ့ ပေါင်းစပ်မှုကြောင့် အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဆယ်ကျော်သက် ၂ ဦးရဲ့ ပေါင်းစည်းမှုကြောင့် ချန်ပီယံလိဂ် အနိုင်ဂိုးရရှိခဲ့မှုဆိုတဲ့ မှတ်တမ်းကိုတော့ ရရှိခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်သာရှိသေးတဲ့ ကာတစ်ဂျုံးဟာလည်း ဥရောပပြိုင်ပွဲမှာ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်တဲ့ တတိယမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်း ရရှိခဲ့ပါတယ်။
သူ့ရှေ့မှာတော့ ဒေးဗစ်အန်းဂေါ့နဲ့ အာနိုးလ်တို့က အသက်အငယ်ဆုံးတွေအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဂျုံးအပြင် အလီဆန် နေရာမှာ ဝင်ကစားတဲ့ လူငယ်ဂိုးသမား ကယ်လ်လာဟယ်ဟာလည်း ပွဲဦးထွက်ချန်ပီယံလိဂ်ပွဲမှာ clean sheet ရရှိတဲ့ ဒုတိယမြောက် လီဗာပူး ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြန်ပါတယ်။
အလီဆန်ဟာ ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ခဲ့ရတာဖြစ်ပြီး ကယ်လ်လာဟယ်မတိုင်ခင် ခရစ္စကတ်လန်းက ၂၀၀၂ ခုနှစ်မှာ ဒီစံချိန်ကို ရရှိခဲ့ပါတယ်။
ဒီပွဲအနိုင်ရရှိခဲ့မှုကြောင့် လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် အုပ်စု D မှ ၅ ပွဲ ကစားပြီး ၁၂ မှတ် ရရှိခဲ့ပြီ ဖြစ်ပါတယ်။
အုပ်စုကနေ တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်တာကြောင့် လီဗာပူးအသင်းဟာ ၁၆ သင်းအဆင့် မဲခွဲဆုံးဖြတ်မှုကို စောင့်ဆိုင်းရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာတော့ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ကာ ဒီအဆင့်မှာတင် အိမ်ပြန်ခဲ့ရပါတယ်။
လီဗာပူးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုဗ်အသင်းကို လက်ခံ ကစားသွားရမှာ ဖြစ်ပါတယ်။
3 months Ago