စံချိန်တင် ရောင်းချ

June 23, 2020

ကွယ်လွန်သူ နာမည်ကျော်အဆိုတော် ကတ်ကိုဘိန်း၏ ဂစ်တာ ကန်ဒေါ်လာ ၆ သန်းဖြင့် စံချိန်တင် ရောင်းချ

တချိန်က ဂီတလောကမှာ လျှမ်းလျှမ်းတောက် ထင်ရှားခဲ့ပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အနုပညာရှင် အဆိုတော် ကတ်ကိုဘိန်းရဲ့ ဂစ်တာတလက်ကို လေလံပွဲမှာ အမေရိ ကန်‌ဒေါ်လာ ၆ သန်းနဲ့ စံချိန်တင် ရောင်းချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီဂစ်တာဟာ ကတ်ကိုဘိန်းရဲ့ Nirvana အဖွဲ့အနေနဲ့ ၁၉၉၃ ခုနှစ် နယူးယော့ခ်မြို့မှာ ကျင်းပခဲ့တဲ့ ‘MTV Unplugged in New York’ ဖျော်ဖြေပွဲမှာ တီးခတ်ခဲ့တဲ့ ဂစ်တာတလက် ဖြစ်ပြီး သူ မကွယ်လွန်မီ ၅ လအလိုက တီးခတ်ခဲ့တဲ့ ဂစ်တာ ဖြစ်ပါတယ်။ ကတ်ကိုဘိန်းဟာ ၁၉၈၇ ခုနှစ်က Nirvana တေးဂီတအဖွဲ့ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း အောင်မြင်မှု တရှိန်ထိုး ရရှိခဲ့ပေမယ့် မူးယစ်ဆေးစွဲတာ၊ စိတ်ကျရောဂါခံစားရတာတွေနဲ့  ကြုံခဲ့ရပြီး အသက် ၂၇ နှစ်အရွယ် ၁၉၉၄ ခုနှစ် ဧပြီ ၅ ရက်နေ့မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ နာမည်ကျော် လေလံကုမ္ပဏီ Julien’s Auctions ရဲ့ ဂီတကြယ်ပွင့်တွေရဲ့ အမှတ် တရပစ္စည်း ခေါင်းစဉ်အောက်ကနေ လေလံဈေးခေါ်ဝယ်ယူနိုင်မယ့် ဒီပွဲကိုတော့  ဇွန် ၁၉ ရက်နေ့နဲ့ ၂၀ ရက် ၂ ရက်တာ အွန်လိုင်းကပါ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ လေလံကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ ဒါရန်ဂျူလီယံကတော့ သတင်းထုတ်ပြန်ချက်ထဲမှာ ဒီဂစ်တာနဲ့ ပတ်သက်ပြီး “ရော့ခ်အင်ရိုးလ်ဂီတသမိုင်းမှာ အရေးကြီးတဲ့ လွှမ်းမိုးနိုင်ခဲ့တဲ့ ဒီဂစ်တာဟာ ထိုက်တန်တဲ့ နေရာတခုဆီ ရောက်ရှိနိုင်မှာပါ။ ဒီလိုက်ဖ်ဂီတဖျော်ဖြေပွဲ ကလည်း အကြီးကျယ်ဆုံးနဲ့ မမေ့နိုင်စရာ ပွဲတခုပါပဲ”လို့ ပြောခဲ့တာပါ။ အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ လေလံဈေးစဖွင့်ခဲ့တဲ့ ဒီဂစ်တာကို အမေရိကန်‌ဒေါ်လာ ၆ ဒဿမ ၀၁ သန်းနဲ့ လေလံအောင်ခဲ့သူကတော့ Røde Microphones တည် ထောင်သူ Peter Freedman ဖြစ်ပြီး ဒါဟာ လေလံပွဲမှာ ရောင်းချခဲ့သမျှထဲ ဈေးအကြီး ဆုံး ဂစ်တာအနေနဲ့ ရောင်းချနိုင်ခဲ့ပြီဖြစ်တယ်လို့ Julien’s Auctions က ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း လေလံကုမ္ပဏီ Julien’s Auctions အနေနဲ့ ကတ်ကိုဘိန်း ဝတ်ဆင်ခဲ့တဲ့ သိုးမွေးအင်္ကျီကို ပြပွဲမှာ အမေရိကန်ဒေါ်လာ ၃၃၄၀၀၀ နဲ့ လေလံ အောင်မြင်ခဲ့ပါတယ်။ ကတ်ကိုဘိန်းဟာ အဲဒီအစိမ်းနုရောင်သိုးမွေးအင်္ကျီကို ၁၉၉၃ ခုနှစ် “MTV Unplugged” ဖျော်ဖြေပွဲမှာပဲ နောက်ဆုံး ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ စွန်းထင်းပြီး ဆေးလိပ်မီးပေါက်နေတဲ့ အဲဒီအင်္ကျီကို ဆယ်စုနှစ် ၃ စုနီးပါးအတွင်းမှာ လျှော်ဖွပ်ခဲ့ခြင်းမရှိဘဲ ဈေးကတော့ လေလံတင်ရောင်းချတဲ့ ဆွယ်တာအင်္ကျီတွေထဲမှာ ဈေးအကြီးဆုံး ဖြစ်လာခဲ့ပါတယ်။
11 months Ago
Up