စံချိန်တင်

December 2, 2018

၁၂၆ နာရီကြာ ကပြီး ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့သည့် နီပေါဆယ်ကျော်သက်

နီပေါနိုင်ငံက ဆယ်ကျော်သက်မိန်းကလေးတဦးဟာ နာရီပေါင်း ၁၂၆ နာရီကြာ ဆက်တိုက် ကပြဖျော်ဖြေပြီးနောက် ကမ္ဘာ့ဂင်းနစ်မှတ်တမ်းတခုကို ရရှိသွားခဲ့တယ်လို့ UPI သတင်းမှာ ဖော်ပြပါတယ်။ ဒီမိန်းကလေးဟာ ဘန်ဒါနာ နီပဲလ်ဆိုသူဖြစ်ပြီး သူမဟာ အသက် ၁၇ နှစ်အရွယ်သာရှိသေးပါတယ်။ နီပဲလ်ဟာ ကပြဖျော်ဖြေမှုကို နိုဝင်ဘာ ၂၄ ရက်နေ့ကစလို့ နာရီပေါင်း ၁၂၆ နာရီကြာအောင် တကိုယ်တော် ကခဲ့တာဖြစ်ပြီး သူမရဲ့ကပြမှုက နိုဝင်ဘာ ၂၈ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမကို နာရီပေါင်းများစွာ ဆက်တိုက်အကနိုင်ဆုံးသူအဖြစ် ဂင်နစ်အဖွဲ့က တရားဝင်သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။ နီပဲလ်ဟာ ဒီလိုစံချိန်တင်ကပြမှုကို ခေတ္တမန္ဒူမှာရှိတဲ့ စားသောက်ဆိုင်တခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သူဟာ စံချိန်ဟောင်းထက် ၄၅ မိနစ်အသာရကာ စံချိန်သစ်ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ အရင်စံချိန်ဟောင်းကို ဟန်လန်သာဆိုတဲ့ အိန္ဒိယတဦးက ၂၀၁၁ ခုနှစ်မှာ ရယူခဲ့တာဖြစ်ပြီး သူ့စံချိန်က ၁၂၃ နာရီနဲ့  ၁၅ မိနစ်ဖြစ်ပါတယ်။ ဒီလိုမျိုးစံချိန်တခုကို လုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် နီပဲလ်ရဲ့ ဖခင်ဖြစ်သူက “ဒီအောင်မြင်မှုက သူတယောက်တည်းအတွက်မဟုတ်ပါဘူး။ အခုဆိုရင် သူ့ကြောင့် ကျနော်တို့နိုင်ငံရဲ့ နာမည်ဟာ အားလုံးသတိပြုမိစရာဖြစ်ခဲ့ပါပြီ။ ဒါဟာ ကျနော်တို့ အားလုံးအတွက် ဂုဏ်ယူစရာအခိုက်အတန့်ပါပဲ။” လို့ Xinhua သတင်းကို ပြောပါတယ်။
2 years Ago

March 26, 2018

နိုင်ငံတဝန်း လျှပ်စစ်မီးသုံးစွဲမှုနှင့် ထုတ်လုပ်မှု စံချိန်တင်

နိုင်ငံတဝန်းမှာ မတ်လအတွင်း လျှပ်စစ်ဓာတ်အား စံချိန်တင်သုံးစွဲခဲ့သလို လျှပ်စစ်ထုတ်လုပ်ပေးမှုလည်း စံချိန်တင်ခဲ့ပါတယ်။ ၂၀၁၈ မတ်လ  ၂၁ ရက်မှာ တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား  ၃၂၆၈ ဒသမ ၂ မဂ္ဂါဝပ် သုံးစွဲခဲ့ပြီး ဒါဟာ မြန်မာနိုင်ငံမှာ တရက်တာ အမြင့်ဆုံး ထုတ်လုပ်ပေးမှု စံချိန်လည်း ဖြစ်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင် ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာထွန်းနိုင်ရဲ့လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။ “တနေ့တာရဲ့ Total Generation Peak က မတ်လ ၂၂ ရက်မှာ  စုစုပေါင်း 62,032.9 MWh/day ရောက်ရှိသွားတယ်။ ဒီရက်ပိုင်းတွေမှာ ရေအားလျှပ်စစ်ကနေ 1935 MW ခန့်နဲ့ အပူစွမ်းအင်သုံးလျှပ်စစ်က 1350 MW ခန့်စီ ထုတ်လုပ်ပေးနေပါတယ်”လို့လည်း လျှပ်စစ်ဒုဝန်ကြီးက ရေးသားဖော်ပြပါတယ်။ ဒီအခြေအနေတွေကလည်း စံချိန်ဖြစ်လာခဲ့ပြီး အရင်နှစ်တွေနဲ့ယှဉ်ကြည့်ရင် ၂၀၁၆ ခုနှစ်မှာ  ၂၆၇၃ မဂ္ဂါဝပ်၊ ၂၀၁၇ ခု နှစ်မှာ ၂၈၈၉ မဂ္ဂါဝပ်၊၂၀၁၈ ခုနှစ်မှာ ၃၂၆၈ မဂ္ဂါဝပ် တိုးသုံးလာနိုင်တာလည်း ဖြစ်ပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ လတ်တလောမှာ ရေအားလျှပ်စစ် အမြင့်ဆုံး ၁၈၂၃ ဒသမ၇ မဂ္ဂါဝပ်၊ အပူစွမ်းအင်သုံးစက်တွေက အမြင့်ဆုံး ၁၃၆၆ ဒသမ ၈ မဂ္ဂါဝပ်  ထုတ်လုပ်ပေးနေပါတယ်။ Photo : Tun Naing
3 years Ago
Up