စောသာဘိုး

March 9, 2020

စောသာဘိုးကို တရားမစွဲရန် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသည့်အဖွဲ့များ တောင်းဆို

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးကို ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးတာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ သူ့ကိုတရားမစွဲဖို့  မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ရက်နဲ့ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်အဖွဲ့က ပူးတွဲတောင်းဆိုလိုက်ပါတယ်။  ဇန်နဝါရီ ၁၇ ရက်က နတ်ကုန်းကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ကျောက်မီးသွေးလောင်စာသုံး ဘိလပ်မြေစက်ရုံအနီး ကျေးရွာ ၃၀ ဝန်းကျင်မှာ ရေတွေ အရည်အသွေး ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဒေသခံတွေက ရိုးရာယုံကြည်မှုဓလေ့အရ အန္တရာယ်ကင်း မေတ္တာပို့ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စောသာဘိုးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇသကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) အရ ဘားအံမြို့တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး  တရားရုံးဆင့်ခေါ်စာကို ကာယကံရှင်ထံ ပေးပို့ခြင်းမရှိဘဲ မတ်လ ၆ ရက်နေ့က မြိုင်ကလေးနဲ့ ဘားအံရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။  စောသာဘိုးကတော့ ခရီးလွန်နေလို့ ဖမ်းဆီးရမိခြင်းမရှိပေမယ့် ဆုတောင်းပွဲကိစ္စကို အကြောင်းပြုပြီး ဝင်ရောက်ရှာဖွေဖမ်းဆီးတာဟာ နိုင်ငံသားတဦးရဲ့ အခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ရက်ပြောခွင့်ရသူ စိုင်းခေးဆိုင်က ပြောပါတယ်။  “သဘာဝပတ်ဝန်းကျင်အရေး လုပ်နေတဲ့သူတယောက်က နိုင်ငံတော် အကြည်အညိုပျက်တယ်ဆိုတဲ့ ဥပဒေနဲ့ လုံးဝ ကိုက်ညီမနေဘူးပေါ့နော်။ ပတ်ဝန်းကျင် ကောင်းဖို့အတွက်ပဲ လှုပ်ရှားနေတဲ့သူတယောက် ဖြစ်တယ်။ ဒါကြောင့် ဒီတရားစွဲဆိုမှုက တခုက ဒီမိုကရေစီအနေနဲ့ကြည့်ရင်လည်း ဒီမိုကရေစီမဆန်တော့ဘူးပေါ့နော်။ နောက်တခုက လူ့အခွင့်အရေးဘက်ကနေ ကြည့်ရင်လည်း နိုင်ငံသားတယောက်က လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ ဘယ်သူ့နစ်နာမှုကိုမှ မရည်ရွယ်ဘဲနဲ့ ပတ်ဝန်းကျင်ကောင်းစားဖို့အတွက် ပြောနေတဲ့အချိန်မှာ ဒီလိုမျိုး တရားလာစွဲတဲ့အတွက်ကြောင့်မို့လို့ ဒါက မဖြစ်သင့်တဲ့အရာပေါ့နော်။ ” ကရင်ပြည်နယ်အစိုးရနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ် တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ ကြီးမားတဲ့အဟန့်အတား ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။  ဒါကြောင့် ရေရှည်တည်တံ့တဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တထောင့်တနေရာက  ပါဝင်နေတဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်မြှင့်တင်မှုအရေးအတွက် တက်ကြွလှုပ်ရှားသူ စောသာဘိုးကို တရားစွဲဆိုမှုမလုပ်ဖို့၊ ဌာနေတိုင်းရင်းသားအခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေကို အသိအမှတ်ပြု တန်ဖိုးထား လေးစားဖို့လည်း  ပူးတွဲတောင်းဆိုထားပါတယ်။
2 years Ago

March 8, 2020

ကရင်သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ စောသာဘိုး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက် “သံလွင်မြစ်ကြောင်း စောင့်ကြည့်ရေးကွန်ရက်” က စောသာဘိုးကို ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားပါတယ်။  ဘာကြောင့် အခုလိုအမှုဖွင့်ထားတယ်ဆိုတာကို မသိရပေမယ် တရားရုံးက ဖမ်းဆီးဖို့ စာထွက်ထားတဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့လုပ်ဆောင်နေတယ်လို့ ဘားအံမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးမျိုးအောင်က ပြောပါတယ်။ “မြို့နယ်တရားရုံးကနေပြီးတော့ ၅၀၅ (ခ) နဲ့ ဖမ်းဝရမ်းထွက်ထားတယ်လေ။ အဲဒါ ကျနော်တို့က ဝရမ်းအတည်ပြုရတာပေါ့။ စွဲတာကတော့ တရားရုံးကမှ သိမယ်။ သူအမြန်လာရှင်းရင်တော့ အဆင်ပြေမယ်။ ကာယကံရှင်ကိုယ်တိုင်တရားရုံးမှာ လာရှင်းတာ အကောင်းဆုံးပဲ။ ” ဒါ့အပြင် စောသာဘိုးကို သူ့နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့ပေမယ့် ခရီးလွန်နေတယ်ဆိုပြီး မတွေ့ခဲ့ဘူးလို့ ပြောပါတယ်။ ဘယ်ကိစ္စကြောင့် ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားတာလဲဆိုတာကို သေချာမသိရပေမယ့် ပြည်နယ် ဝန်ကြီးချုပ်ရဲ့ညွန်ကြားချက်နဲ့ အထွေထွေ အုပ်ချုပ်ရေးအဖွဲ့က အမှုဖွင့်ထားတာလို့သိရကြောင်း စောသာဘိုးက ပြောပါတယ်။  “အခု မေးကြည့်တာကတော့ ဝန်ကြီးချုပ်ကနေ တိုက်ရိုက်စွဲခိုင်းတာပေါ့။ ဝန်ကြီးချုပ်ကနေ စွဲခိုင်းတယ်လို့ သိရတယ်။ အဓိက ကျနော်တို့ သတင်းမီဒီယာမှာ ပြောတဲ့ဟာက နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြစ်တယ်လို့ ယူဆပြီးစွဲတယ်။ ပြီးတော့် ဇန်နဝါရီ ၁၇ ရက်နေ့ ကျနော်တို့ ဆုတောင်းပွဲလေး လုပ်သွားတာရှိတယ်လေ။ ဒေသခံတွေ၊ ဆရာတော်တွေ ဦးဆောင်ပြီး လုပ်ကြတာ၊ ကျောက်မီးသွေးသုံး ရေမည်းတာ (ရေအရောင်ပြောင်းတာ) နဲ့ပတ်သက်ပြီး ဒေသခံ ရွာပေါင်း ၃၀ လောက်က ပူးပေါင်းပြီး ရိုးရာဓလေ့အတိုင်းဆုတောင်းပွဲလုပ်တာ အဲဒီလုပ်တဲ့ နောက်ဆက်တွဲကြောင့် တရားစွဲတာဖြစ်တယ်ပေါ့။”  ဒီလိုတရားစွဲဆိုမှုကို သူ့အနေနဲ့ ရင်ဆိုင်သွားမှာဖြစ်ပေမယ့် စွဲတဲ့ပုံစံတွေက လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း စောသာဘိုးက ပြောပါတယ်။ “သူတို့လုပ်ပုံလုပ်နည်းတွေက လူသားတယောက်ရဲ့ ဥပဒေဘောင်နဲ့မညီ လာတဲ့ကိစ္စဖြစ်တယ်လို့ ကျနော် ယူဆတယ်။ အဓိကက ဒါ ဒီမိုကရေစီလမ်းကြောင်းနဲ့ လွဲချော်နေပြီ။ လောလောဆယ် ဒီလိုလုပ်တာက ဖိနှိပ်မှုလုပ်တာလို့မြင်တယ်။ ကျနော်တို့အရပ်ဘက် အဖွဲ့အစည်းတွေ၊ သဘဝပတ်ဝန်းကျင်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ဖိနှိပ်တာလို့ပဲမြင်တယ်။ အခု ကျောက်မီးသွေးကိစ္စ တကမ္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ CLIMATE CHANGE  ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းဖြစ်တဲ့အတွက် ကျနော်တို့က ကန့်ကွက်တဲ့ဟာကိုလုပ်တာလေ။ တိုင်းပြည်ကောင်းကျိုးအတွက်ပဲလုပ်တာ၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်လို့၊ အဲဒီလိုကိစ္စတွေမှာ သူတို့ အဲဒီလိုအရေးယူတယ်ဆိုတာ လူတယောက်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်။ ပြီးတော့ လူသားတယောက်မှာ လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ဟာ မရှိတော့ဘူးလို့ ကျနော်မြင်တယ်။ ” စောသာဘိုးကို အမှုဖွင့်ထားတာနဲ့ ပတ်သက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ကို  ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။
2 years Ago
Up