စောင့်ကြည့်သံသယလူနာ

April 12, 2020

မကွေးတိုင်း ဆေးရုံများတွင် စောင့်ကြည့်သံသယလူနာ ၁၅  ဦးသာ ကျန်ရှိ

မကွေးတိုင်းအတွင်းရှိ ဆေးရုံတွေမှာ ဧပြီလ ၁၁ ရက်နေ့ထိ စောင့်ကြည့်သံသယလူနာ ၁၅ ဦးသာ ရှိတော့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ လက်ရှိ တိုင်းဒေသကြီးတခုလုံးက ဆေးရုံတွေမှာ ၁၅ ဦး ကျန်ရှိနေပြီး ဧပြီလ ၁၁ ရက်နေ့ ညမှာ မင်းဘူးဆေးရုံက ၁ ဦးနဲ့ သရက်ဆေးရုံက ၁ ဦး ရောဂါပိုးမတွေ့ရှိပါဘူး။ ဧပြီ ၁၂ ရက်နေ့မှာတော့ စောင့်ကြည့်လူနာ ၄ ဦးရဲ့ လည်ချောင်းတို့ဖတ်နဲ့ နှာခေါင်းတို့ဖတ်တွေကို ဓာတ်ခွဲနမူနာ ပေးပို့သွားမှာဖြစ်တယ်။"  စောင့်ကြည့်သံသယလူနာ လူနာ ၅၀ ကျော်လောက်ကို ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရှိဘဲ စောင့်ကြည့်ကာလ ၁၄ ရက်ပြည့်ပြီဖြစ်တာကြောင့် ဆေးရုံဆင်းခွင့်ပေးလိုက်ပြီလို့ ဆိုပါတယ်။ “ပြည်သူလူထုကိုတော့ နေအိမ်အပြင်မထွက်ဖို့၊ လက်ဆေးဖို့၊ လူစုလူဝေး ရှောင်ရှားဖို့ ထပ်ခါထပ်ခါ မှာချင်ပါတယ်" ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ မကွေးတိုင်းအတွင်းမှာ ပြည်ပနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူ ၁၄၀၀၀ လောက်ကို Facility Quarantine ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဧပြီလ ၁၁ ရက်နေ့ညထိ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ ၃၁ ဦးရှိတဲ့ထဲက ၃ ဦး သေဆုံးခဲ့တယ်လို့ ကျန်မာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မင်းထီး
1 year Ago

March 26, 2020

ညောင်လေးပင်တွင် ကိုရိုနာဗိုင်းရပ် စောင့်ကြည့်သံသယလူနာ ၄ ဦးရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ မတ်လ ၂၅ ရက် နေ့အထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သံသယလူနာ ၄ ဦးထိ ရှိလာနေပြီလို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။ ပြွန်တန်ဆာမြို့ တိုက်နယ်ဆေးရုံမှာ မတ်လ ၂၄ ရက်​နေ့က အသက် ၁၈ နှစ်နဲ့ ၃၃ နှစ်အရွယ် အမျိုးသား ၂ ဦး၊ မတ် ၂၅ ရက်နေ့မှာ အသက် ၃၄ နှစ်အရွယ်အမျိုးသမီး ၁ ဦးနဲ့ ညောင်လေးပင် မြို့နယ်ပြည်သူ့ဆေးရုံမှာ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးတို့ကို စောင့်ကြည့်သံသယလူနာအဖြစ် ကုသပေးနေတာပါ။ ပြွန်တန်ဆာတိုက်နယ်ဆေးရုံကို မတ်လ ၂၄ ရက်နေ့က ရောက်ရှိလာတဲ့ အမျိုးသား ၂ ဦးထဲက ၁ ဦးဟာ ကိုယ်အပူချိန်တက်တာရှိပေမယ့် လက်ရှိအချိန်အထိ သူတို့ ၂ ဦးလုံး အခြေအနေ ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။ မတ်လ ၂၅ ရက်နေ့မှာ ရောက်ရှိလာတဲ့ အမျိုးသမီး ၁ ဦးကတော့ ကိုယ်အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက် နဲ့ ရောက်ရှိလာတာဖြစ်ပြီး ဓာတ်မှန်စစ်ဆေးချက်အရ အဆုတ်တခြမ်း ပျက်စီးနေပြီလို့ ပြွန်တန်ဆာ​မြို့တိုက်နယ်ဆရာဝန် ဒေါက်တာကျော်စောဝင်းမောင်က ပြောပါတယ်။ ညောင်လေးပင်းဆးရုံကို မတ် ၂၅ ရက်နေ့ ရောက်လာတဲ့ စောင့်ကြည့်သံသယလူနာ အမျိုးသားကတော့ နိုင်ငံခြားကပြန်လာသူဖြစ်ပြီး အမျိုးသမီးကတော့ အနည်းငယ် စိုးရိမ်ရတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဒန်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။ “စောင့်ကြည့် သံသယလူနာတွေကို သီသန့်ခန်းမှာ ခွဲပြီကုသ​ပေးနေပါတယ်၊ သူတို့ရဲ့နှာရည်များအား တိုပတ်နဲ့ နမူနာများရယူပြီ ကိုရိုနာဗိုင်းရပ်စ် ပိုး ရှိ မရှိကို ဓာတ်ခွဲစမ်းသပ်နိုင်ဖို့ မနေ့ညနေက ပို့လိုက်ပါပြီ၊ သမားတော်တွေဆုံးဖြတ်မှာပေါ့လေ၊ ခုတော့ သူတို့ကို သေချာစောင့်ကြည့်ကုသပေးနေပါတယ်။” မြန်မာနိုင်ငံမှာ မတ် ၂၅ ရက်နေ့အထိ စောင့်ကြည့်နဲ့ သံသယလူနာ ၂၇၅ ဦးရှိပြီး ရောဂါကူးစက်ခံထားရသူ ၃ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီနေ့မနက်ပိုင်း ထုတ်ပြန်ချက်အရ စောင့်ကြည့်နဲ့ သံသယလူနာ ၄၀ မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိဘူးလို့ ဆိုပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိကြောင်း ဓာတ်ခွဲအဖြေထွက်လာတဲ့ အယောက် ၄၀ ထဲမှာ ညောင်လေးပင်ဆေးရုံက စောင့်ကြည့် လူနာ ၄ ဦး မပါသေးဘူးလို့ သိရပါတယ်။ နေလင်းထိုက်
1 year Ago
Up