စောင့်ကြည့်လူနာအဖြစ်

February 3, 2020

စဝ်စံထွန်းဆေးရုံတွင် ကိုရီးယားနိုင်ငံသား ၁ ဦးကို စောင့်ကြည့်လူနာအဖြစ် ကုသပေး

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့က စဝ်စံထွန်းဆေးရုံမှာ ဖေဖော်ဝါရီ ၂ ရက်က နေမကောင်းဖြစ်ပြီး ဆေးလာကုတဲ့ ကိုရီးယားနိုင်ငံသား တယောက်ကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် စောင့်ကြည့်ကုသပေးနေတယ်လို့ သိရပါတယ်။ “သံသယလူနာတော့ ပြောလို့မရသေးဘူး။ ဒီတိုင်းနေမကောင်းလို့ ဆေးရုံတင်တာ။ တရုတ်ပြည်ကိုတော့ သွားဖူးတာ မရှိဘူး။ လာအို၊ ချင်းမိုင်မှ မြဝတီကနေလာတယ်။ ပုဂံကိုလည်း ရောက်တယ်တဲ့။ နောက် ကလော၊ ညောင်ရွှေပေါ့။ ချောင်းဆိုးတာ သွေးပါလို့ လာပြတာ ဓာတ်မှန်ရိုက်တော့ အဆုတ်ရောင်တဲ့လက္ခဏာ ရှိတာကြောင့် စဝ်စံထွန်းကို ပို့လိုက်တာ ဝူဟန်ဗိုင်းရပ်စ် လက္ခဏာနဲ့မတူဘူး။ ဒါကြောင့် စောင့်ကြည့်ကုသပေးနေတာ”လို့ ရှမ်းပြည်နယ်ကျန်း မာရေး ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ သူဇာချစ်တင်က ပြောပါတယ်။ အဆိုပါ တောင်ကိုရီးယား လူနာကို သံသယလူနာအဖြစ် မသတ်မှတ်သေးဘူးလို့ ဆိုပါတယ်။ “သံသယဆိုရင် သတ်မှတ်ချက် ရှိတယ်။ တရုတ်ပြည် ဝူဟန်ကလာတာတို့၊ ဒါမှမဟုတ် တရုတ်ပြည် တနေရာကလာတာ၊ ဒါမှမဟုတ် သူ့မှာဖျားပြီး ချောင်းဆိုးတာ၊ နောက်တခါ အသက်ရှူ ခက်တဲ့လက္ခဏာ၊ အဲဒါတွေဆို သံသယလူနာလို့ သတ်မှတ်တာပေါ့၊ ခုက အကုန်လုံးတော့ စောင့်ကြည့်တာပေါ့၊ စမ်းသပ်စစ်ဆေးချက်အရတော့ သံသယလူနာလို့ မသတ်မှတ်သေးဘူး။” ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်းရှိ နယ်စပ်တွေမှာ ရောဂါကာကွယ်ဖို့ ကျန်းမာရေးဝန်ထမ်းတွေ စောင့်ကြပ်စစ်ဆေးမှုတွေ လုပ်သလို ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီကို ဇန်နဝါရီ ၃၁ ရက်က ဖွဲ့စည်းထားခဲ့ပါတယ်။ ခွန်ရာဇာ
1 year Ago
Up