စောင့်ကြည့်ရေးစခန်း

April 1, 2020

ရေးမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လာသူများအတွက် စောင့်ကြည့်ရေးစခန်း ၃၆ ခု ဖွင့်လှစ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူတွေအတွက် စောင့်ကြည့်ရေးစခန်း ၃၆ ခု ဖွင့်လှစ်ထားရှိပြီး အသွားအလာကန့်သတ် ကျန်းမာရေး စောင့်ကြည့်စစ်ဆေး ဆောင်ရွက်နေပါတယ်။ မြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေက စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အခြားသင့်တော်တဲ့နေရာတွေမှာ ၁၄ ရက် စခန်းတွေ ဖွင့်လှစ်ထားရှိကာ ဆောင်ရွက်နေတာပါ။ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက '' စောင့်ကြည့်ရေးစခန်းရဲ့ စားသောက် နေထိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ အရပ်ဘက်အဖွဲ့တွေ ပေါင်းပြီး စီစဉ်ပေးတာတွေရှိသလို သူတို့အစီအစဉ်နဲ့ သူတို့ စားသောက်နေကြတာတွေလည်းရှိတယ်။  ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုအနေနဲ့ကတော့ စခန်းတိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ ထားရှိပါတယ်။ စခန်းကိုမလာရောက်သေးတဲ့ သူတွေကိုလည်း စည်းရုံးရေးနည်နဲ့ ဆောင်ရွက်နေသလို လိုအပ်ရင် ရဲတပ်ဖွဲ့အကူအညီနဲ့ ဆောင်ရွက်သွားမယ်''လို့ ပြောပါတယ်။ မြို့ပေါ်က အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို စခန်းအသီးသီးသို့လာရောက်စောင့်ကြည့်ခံနိုင်ဖို့အတွက် လှည့်လည်နှိုးဆော်နေပြီး သက်ဆိုင်ရာက လက်လှမ်းမမှီတဲ့ မြို့ဝင်ပေါက်တွေမှာပါ စောင့်ကြည့်စစ်ဆေးခြင်းတွေအပြင် သက်ဆိုင်ရာ ကျန်းမာရေးဌာနအတွက် အထောက်အကူပြုနိုင်ရေး ပံ့ပိုးကူညီ ဆောင်ရွက်နေကြပါတယ်။ ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ''ကိုယ့်ဒေသကနေ အချိန်တော်ကြာကင်းကွာခဲ့ပြီး နေရပ်ပြန်လာခဲ့သူတွေအနေနဲ့ ပြည်တွင်း ပြည်ပ ဘယ်နေရာကပဲ ပြန်ပြန် သက်ဆိုင်ရာကို အခြေအနေအမှန်ပြောပြပြီး သတင်းပို့သင့်ပါတယ်။ အရပ်ဘက်အဖွဲ့တွေကလည်း လိုက်လံနှိုးဆော်ပေးနေသလို ပြန်လာကြသူတွေအနေနဲ့လည်း သတင်းပို့ဖို့ တိုက်တွန်းလိုပါတယ်။ ဘေးနားကတိုင်လို့ သက်ဆိုင်ရာက သွားစစ်မှ သိရတာဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြသနာ မဖြစ်စေလိုလို့ပါ "လို့ ဒီဗွီဘီကို ပြောပါတယ်။ မနေ့ညနေပိုင်းအထိ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ရတဲ့ စာရင်းအရ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသူ ၇၀၀ နီးပါးကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ တွေမှာဖွင့်လှစ်ထားတဲ့ စောင့်ကြည့်ရေးစခန်းတွေမှာ ထားရှိတယ်လို့ သိရပါတယ်။ သတင်း- ဝင်းနိုင်သက်
1 year Ago

March 31, 2020

ဘားအံမြို့တွင် ထိုင်းမှ ဝင်ရောက်လာသူများကို စောင့်ကြည့်ရေးစခန်း ၄ ခုတွင်ထားရှိ

ထိုင်းနိုင်ငံနယ်စပ်ကနေ မြဝတီမြို့ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရရဲ့ညွှန်ကြားချက်နဲ့ ဘားအံမြို့မှာ COVID-19 စောင့်ကြည့်ရေးစခန်း ၄ ခုဖွင့်လှစ်ပြီး ၁၄ ရက်ကြာ စောင့်ကြည့်သွားမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမော်က ပြောပါတယ်။ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဘားအံမြို့အနီးရှိ ထောင်ဝိမိုးကုတ်ဝိပဿနာတရားစခန်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ လှာကမြင် မူလတန်းလွန်ကျောင်းနဲ့ အုန်းတပင်အထက်တန်းကျောင်းတွေမှာ လူဦးရေ ၅၀၀ နီးပါးကိုထားရှိပြီး စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ဘားအံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှုး ဦးစန်းမော်က“နေ့ညမပြတ် စောင့်ကြည့်ပေးသွားမှာ ဖြစ်တယ်။ အစိုးရအဖွဲ့က ညွှန်ကြားချက် ဘာမှပြန်မလာဘူးဆိုရင်တော့ ကျနော်တို့ ၁၄ ရက် ထားရှိသွားမှာဖြစ်တယ်။ အခြေအနေအရ သူတို့ကို မိမိတို့နေရပ်ဒေသတွေကို ပြန်လည်စေလွှတ်ခြင်း သော်လည်း အခြေအနေအရ ဒီမှာထားရှိရခြင်း ဖြစ်တယ်” လို့ ပြောပါတယ်။ COVID-19 ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံကပြန်လာသူတွေဖြစ်လို့ ကျန်းမာရေးအရ အစစ်ခံဖို့ အထူးလိုအပ်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ မြန်မာနို်ငငံမှာ စစ်ဆေးတွေ့ရှိတဲ့ အတည်ပြုလူနာ ၁၄ ဦးထဲမှာ ၂ ဦးက ထိုင်းနိုင်ငံကနေ ပြန်ဝင်လာသူတွေဖြစ်ပါ ပါတယ်။ ထိုင်းကနေ ခုရက်ပိုင်း ပြန်ဝင်လာတဲ့ ပန်းတနော်မြို့နယ်က နန်းခလိတ်က “ကိုယ်က အခြား(ထိုင်း)နိုင်ငံက ပြန်လာတာ။ ပြောမရဘူးလေ။ တလမ်းလုံး အစစ်ခံလာ ရတယ်။ မလွတ်တဲ့လူ ကျန်ခဲ့ပဲ။ ကောင်းတဲ့လူတော့ ပြန်ပေါ့။ အကြိမ်ကြိမ်အခါခါ သူတို့စစ်တယ်”လို့ ပြောပါတယ်။ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူတွေဟာ ဒီကနေ့အထိ ထောင်ဝိ မိုးကုတ်ဝိပဿနာရိပ်သာမှာ ၁၄၉ ဦး၊ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ၁၂၂ ဦး၊ လှာကမြင်မူလတန်းလွန်ကျောင်းမှာ ၄၇ ဦးရှိပြီး သီးသန့်စောင့်ကြည့်ထားကာ ကျန်းမာရေးအပြင် နေထိုင်စားသောက်ရေး စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ COVID-19 စောင့်ကြည့်နေထိုင်စဉ်ကာလအတွင်း မိမိ၊ မိမိပတ်ဝန်းကျင်နဲ့ မိမိဒေသအတွက် ကျန်းမာရေး အသိစိတ်ရှိ ရှိနဲ့ ပူပေါင်းဆောင်ရွက်ကြဖို့နဲ့ သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေ တားမြစ်ချက်တွေ ကို အတိအကျလိုက်နာဆောင်ရွက်ပြီး ကျန်းမာရေးအရ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တာဝန်ရှိသူတွေက မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။   သတင်း-ရဲမင်းခေါင်
1 year Ago
Up