စောင့်ကြည့်ကုသ

February 16, 2020

တရုတ်နိုင်ငံသား ၁ ဦးအပါအဝင် လူနာ ၉ ဦးကို စောင့်ကြည့်ကုသ၊ လူနာ ၂၆ ဦး ရောဂါပိုး မတွေ့

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁၅ ရက်ညပိုင်းအထိ တရုတ်နိုင်ငံသားတဦး အပါအဝင် လူနာ ၉ ဦးကို စောင့်ကြည့်လူနာအဖြစ် ကုသပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ လတ်တလော ရန်ကုန်ဆေးရုံကြီးကတဆင့် ဝေဘာဂီအထူးကုဆေးရုံကို ပို့ဆောင် စောင့်ကြည့်ကုသနေတဲ့ အသက် ၃၈ နှစ်ရှိ တရုတ်နိုင်ငံသားဟာ ယူနန်ပြည်နယ် လျန်ဟဲမြို့နေသူဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်က မြန်မာနိုင်ငံကို ရောက်ရှိလာတာပါ။ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့  ဖျားတာ၊ လည်ချောင်းနာတာနဲ့ ဝမ်းသွားတဲ့ လက္ခဏာတွေ ခံစားနေရပေမယ့် စစ်ဆေးချက်တွေအရ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသူ ၉ ဦးအနက် ဓာတ်ခွဲနမူနာယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးဖို့ စီစဉ်ဆဲ လူနာဟာ အဲဒီတရုတ်နိုင်ငံသားအပါအဝင်  ၄ ဦး ရှိပြီး သူတို့ဟာ မြစ်သားဆေးရုံက ၂ ဦး၊ လားရှိုးဆေးရုံက ၁ ဦးနဲ့ ဝေဘာဂီအထူးကုဆေးရုံက ၁ ဦး တို့ဖြစ်ပါတယ်။ ရည်ညွှန်းဓာတ်ခွဲခန်း အဖြေမရသေးတဲ့ စောင့်ကြည့်လူနာ ၅ ဦးကတော့ မိုင်းခတ်၊ မိုးကုတ်၊ မန္တလေး၊ လားရှိုးနဲ့ တောင်သာဆေးရုံတွေက အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၃ ဦးတို့ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ကမ္ဘာ့နိုင်ငံတချို့မှာ ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်လို့ ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့လုပ်ငန်းတွေကို အပြည်ပြည်ဆိုင်ရာဝင် ထွက်ဂိတ်တွေ အပါအဝင် ဆေးရုံအခြေပြု၊ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိကဆေးရုံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပါတယ် အခုလို ဆောင်ရွက်ရာမှာ ဇန်နဝါရီ နောက်ဆုံးပတ်ကနေ အခုချိန်ထိ စောင့်ကြည့်လူနာပေါင်း ၃၅ ဦးရှိတဲ့အနက် ဆေးရုံပေါင်း ၁၇ ခုက လူနာ ၂၆ ဦး (ကျား ၁၃၊ မ ၁၃) ရဲ့ ဓာတ်ခွဲခန်းအဖြေတွေအရ ရောဂါပိုး မရှိတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်တလော ကျန်တဲ့ စောင့်ကြည့် လူနာ ၉  ဦးရဲ့ ကျန်းမာရေးအခြေအနေဟာ သက်သာကောင်းမွန်နေပြီး သူတို့ရဲ့ဓာတ်ခွဲအဖြေတွေ ထပ်ရရင် ထပ်ပြီးသတင်းထုတ်ပြန်မယ်လို့ သိရပါတယ်။ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဒီနေ့မနက်ပိုင်းထိ ၆၉၁၉၈ ဦး၊ သေဆုံးသူ ၁၆၆၉ ဦး၊ ပြန်လည်ကောင်းမွန်လာသူက ၉၅၃၈ ဦး ရှိတယ်လို့ သိရပါတယ်။   ကိုရိုနာဗိုင်းရပ် စတင်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံမှာ သေဆုံးသူ ၆၉၁၉၄ ဦး၊ ပြင်သစ်၊  ဟောင်ကောင်၊ ဂျပန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက တဦးစီ ဖြစ်ပါတယ်။
1 year Ago

February 8, 2020

တရုတ်ကပြန်လာသည့် အမျိုးသားကို ကြံခင်းဆေးရုံတွင် စောင့်ကြည့် ကုသပေးနေ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ တရုတ်ကပြန်လာတဲ့ အမျိုးသားတဦးအား ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့က ဆေးရုံကို ခေါ်ယူပြီး စောင့်ကြည့်ကုသပေးနေတယ်လို့ သိရပါတယ်။ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန်းဇော်ဟာ တရုတ်နိုင်ငံကပြန်လာချိန်မှာ ချောင်းဆိုးပြီး ရင်ဘတ်အောင့်တဲ့ ရောဂါခံစားနေရတာကြောင့် ဖျားနာမှုမရှိပေမယ့် ဆေးရုံကို ခေါ်ယူစောင့် ကြည့်နေတာလို့ မြို့နယ်ဆေးရုံအုပ်ကြီးက ပြောပါတယ်။ "တရုတ်ကပြန်လာတာသူက၊ ဖျားနာတာမရှိသေးပေမယ့် နှာဆေး ချောင်းဆိုတာတွေရှိတယ်၊ ကိုယ်ပူချိန်ကတော့ ပုံမှန်ပါပဲ။ တရုတ်ပြည်က ပြန်လာတာဆိုတော့ ကျနော်တို့ဘက်က လုပ်ထုံး လုပ်နည်းအတိုင်း လုပ်မထားရင် တကယ်ရှိခဲ့ရင် ကူးစက်တာတွေ ဖြစ်လာမှာဆိုးလို့ ခေါ်ယူ စောင့်ကြည့်ထားတာပါ "လို့ ကြံခင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။ တရုတ်နိုင်ငံကပြန်လာတဲ့ အဆိုပါအမျိုးသားကို နှာဆေး ချောင်းဆိုတာတွေ ပျောက်သွားပြီး စိတ်ချရတဲ့ အခြေအနေထိ ကြံခင်းပြည်သူ့ဆေးရုံကြီး သီးခြားကူးစက်လူနာဆောင်မှာထားပြီး စောင့်ကြည့်တာတွေပြုလုပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ "လူစည်ကားရာ နေရာတွေနဲ့ စျေးတွေမှာ နှာခေါင်းစည်းတွေနဲ့ ရောဂါနဲ့ပတ်သတ်လို့ အသိပညာ ပေးလက်ကမ်းစာစောင်တွေကို ပေးဝေထားဖို့ စီစဉ်ထားပြီး ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုလည်း တရုတ်နိုင်ငံဘက်က ပြန်လာသူတွေအား စာရင်းကောက်ခိုင်းတာတွေနဲ့ ဒေသတွင်းမှာ သံသယရှိတဲ့ လူနာတွေရင် အကြောင်းကြားဖို့ မှာထားပါတယ်" လို့ ကြံခင်းမြို့ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက ပြောပါတယ်။ လက်ရှိအချိန်မှာ တရုတ်နိုင်ငံက ပြန်လာတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသားကို ကြံခင်းပြည်သူ့ဆေးရုံကြီး သီးခြားကူးစက်လူနာဆောင်မှာထားပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စောင့်ကြည့်တာတွေပြုလုပ်နေပြီး ထူးခြားမှုရှိလာရင် ဝေဘာဂီ အထူးကုဆေးရုံကြီးကို ပို့ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာလည်း ဖေဖော်ဝါရီလ ၅ ရက်နေ့က တရုတ်နိုင်ငံနယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်ဆေးရုံက ဆေးရုံဆင်းလာပြီး ဇာတိ လပွတ္တာမြို့ကို ပြန်လာတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးကို တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဆေးရုံကြီးမှာ ခေါ်ယူစောင့် ကြည့်တာတွေ ပြုလုပ်ခဲ့ရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up