စနေဂြိုဟ်

April 28, 2017

စနေဂြိုဟ်ကွင်းများကြား ဝင်ရောက်ပျံသန်းလေ့လာခဲ့သည့် အာကသယာဉ် ကက်စီနီ (ရုပ်သံ)

အမေရိကန် အာကာသယာဉ် ကက်စီနီဟာ စနေဂြိုဟ်နဲ့ သူ့ကွင်းတွေကြားကို ဝင်ရောက် ပျံသန်းခဲ့ပါတယ်။ အမေရိကန် အမျိုးသားအာကာသသိပ္ပံ အေဂျင်စီ (နာဆာ) က လွှတ်တင်ထားတဲ့ ကက်စီနီ အာကာသယာဉ်ဟာ စနေဂြိုဟ်ကနေ မိုင်ပေါင်း ၁၉၀၀ ထိ ပျံသန်းအပြီး စနေဂြိုဟ်ရဲ့ တိမ်ဖုံးအုပ်မှုတွေ မိုးလေဝသစနစ်တွေကို ပြထားတဲ့ ပုံရိပ်တွေကို ကမ္ဘာမြေဆီ ပြန်ပို့ပေးခဲ့တယ်လို့ နာဆာက ပြောပါတယ်။ စနေဂြိုဟ်ရဲ့ ကွင်းတွေထဲကို ပထမဆုံး ဝင်ရောက်ပျံသန်းအပြီး ခုလို ပေးပို့ခဲ့တာပါ။ အာကာသယာဉ်ဟာ စနေဂြိုဟ်ကို လေ့လာနေခဲ့တာ ၁၃ နှစ် ရှိပါပြီ။ စနေဂြိုဟ်နဲ့ သူ့ရဲ့ အတွင်းဆုံးကွင်းရဲ့ကြား တခါမှ မလေ့လာဘူးသေးတဲ့ နေရာကျဉ်းကျဉ်းထဲကို ဧပြီ ၂၆ ရက်က ဝင်ရောက်ရိုက်ကူးခဲ့ပါတယ်။ စနေဂြိုဟ်ရဲ့ ကွင်းတွေထဲကို ဖြတ်သန်းချိန်မှာ ကက်စီနီဟာ စနေဂြိုဟ်ရဲ့ ထိပ်ဆုံးတိမ်တွေကနေ မိုင် ၁၉၀၀ အကွာထိ ရောက်ခဲ့ပြီး အတွင်းဆုံးကွင်းနဲ့ မိုင်၂၀၀ ဝန်းကျင်မှာ ရှိနေခဲ့တယ်လို့ နာဆာက ဆိုပါတယ်။ စနေဂြိုဟ်မှာ ကွင်းတွေ ဘယ်လိုဖြစ်လာတယ်၊ တိမ်တွေရဲ့ ကြီးမားတဲ့ ဓာတ်ငွေ့အလွှာတွေ ကြားမှာ ဘာရှိနေတယ် ဆိုတာတွေကို လေ့လာဖို့ ၂၁ ကြိမ်အထိ အနီးကပ် ရင်ဆိုင် ကြိုးစားဦးမှာပါ။ စက်တင်ဘာ ၁၅ ရက်နေ့မှာ နောက်ဆုံးအချီ လေ့လာအပြီး ကက်စီနီဟာ စနေဂြိုဟ်ရဲ့ အစစ ကြိတ်ချေဖျက်ဆီးတတ်တဲ့ လေထုအလွှာထဲကို တိုက်ရိုက်ပျံသန်းပြီး သူ့ကိုယ်သူ ဖျက်ဆီးပစ်မှာ ဖြစ်ပါတယ်။
4 years Ago
Up