စေတန်ရဲ့အသံ

March 20, 2020

စေတန်ရဲ့အသံကို နားစွင့်ကြပါအုံး 

တကမ္ဘာလုံး ကိုရိုနာကပ်ဘေးကို ရင်ဆိုင်နေရတဲ့အချိ်န်မှာ မြန်မာပြည်မှာတော့ အပြစ်တင်တဲ့ ကစားပွဲ အရှိန်မပျက်ပါဘူး။ ပိုတောင် အရှိန်ကောင်းနေပါတယ်။ ကိုယ်နိုင်သူရှုံး ကစားပွဲကိုပဲ စွဲလမ်း နှစ်ခြိုက်နေကြတုန်းပါပဲ။ တိုက်ပွဲတွေကို ခဏရပ်၊ အပြန်အလှန် အပြစ် တင်တာတွေကို ခဏရပ်ပြီး ကိုရိုနာကပေးတဲ့ သင်ခန်းစာကို စဉ်းစားကြည့်ရအောင်။ သင်ခန်းစာ (၁)  ကျနော်တို့ ကံကြမ္မာတွေဟာ ဆက်စပ်နေတယ်။ နွားမကြီး ပေါင်ကျိုးတာနဲ့ ကမ်းပါးပြိုတာ အဆက်အစပ်ရှိတယ်။ အာရှတိုက်မှာ လူတယောက် နှာချေတာဟာ ဥရောပတိုက်မှာ စီးပွားပျက်ကပ်ဆိုက်သွားနိုင်ပါတယ်။ ဒီအချိန်မျိုးမှာ လူမျိုး၊ ဘာသာ၊ နိုင်ငံသား၊ ဝန်ကြီး၊ စစ်ဗိုလ်၊ ကျား၊ မ၊ မာန်တက်နေလည်း အပိုပဲ။ ဗိုင်းရပ်စ်က သင်ဘာလူမျိုး၊ ဘယ်နိုင်ငံသား၊ ဘာရာထူး ဘယ် ဘာသာ ကိုးကွယ်လဲ ဆိုတာကို မေးနေမှာ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ ချမ်းသာပေးမှာ မဟုတ်ပါဘူး။ သင်ခန်းစာ (၂) ကျနော်တို့ဟာ အမျိုး၊ ဘာသာ၊ သာသနာ ဆိုပြီး ကိုယ့်နိုင်ငံ ကွက်ကွက်လေးကို ကြည့်နေလို့ မရတော့ဘူး။ ကိုယ့်အိမ်နီးချင်းနိုင်ငံရဲ အကျိုးကိုလည်း လိုလားရမယ်။ ဘာလို့လဲဆိုတော့ အိမ်နီးချင်းနိုင်ငံမှာ ပြဿနာဖြစ်ရင် ဒါဟာ အနှေးနဲ့အမြန် ကိုယ့်ပြဿနာ ဖြစ်လာမှာပဲ။ အားလုံး ဆက်စပ်နေတဲ့ ကမ္ဘာကြီးမှာ တခြားလူတွေ ဘေးကင်းနေမှ ကိုယ်လည်း ဘေးကင်းနိုင်မယ်။ တနည်းပြောရင် မိမိဘေးကင်းချင်ရင် တခြားလူတွေလည်း ဘေးကင်းနေမှ ဖြစ်နိုင်ပါလိမ့်မယ်။ ဒီအချိန်မှာ အားလုံးတစိတ်တဝမ်းတည်း ညီညွတ်ဖို့ လိုတယ်ဆိုတာ သိမှကို ဖြစ်တော့မယ်။ သင်ခန်းစာ (၃)  ပြဿနာဖြစ်လာရင် တကမ္ဘာလုံး ဟန်ချက်ညီညီ ဖြေရှင်းဖို့ လိုတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီလိုအပ်တယ်။ ကိုယ့်တနိုင်ငံတည်း ကွက်ပြီးတော့ ဖြေရှင်းနိုင်မယ်လို့ သွေးနားထင် ရောက်နေရင် သေဖို့ပဲ ပြင်ထားပါ။ အီတလီ စကားပုံလို ဇွန်းတချောင်းတည်းနဲ့ ရေခပ်ထုတ်လို့ ပင်လယ်ကြီး ခန်းမသွားနိုင်ဘူး။ တကိုယ်တော် ဝါဒနဲ့ လုပ်သမျှ အရာထင်မှာ မဟုတ်ဘူး။ ထိရောက်ဖို့ဆိုရင် စနစ်ကျတဲ့ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ သင်ခန်းစာ (၄)  သိပ္ပံပညာအခြေခံတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေသာ ပဓာနကျတယ်။ သိပ္ပံပညာကို အခြေမခံဘဲ ဆေးမြီးတိုနည်း၊ ရေတို နိုင်ငံရေးနဲ့ စီးပွားရေး ဆုံးဖြတ်ချက်တွေကိုချမှတ်မယ်ဆိုရင် ဒါဟာ အန္တရာယ်ပါပဲ။ သင်ခန်းစာ (၅)  ကျန်းမာရေးဆိုတာ အများပြည်သူကိစ္စ ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စမဟုတ်ပါဘူး။ ဒါဟာ တနိုင်ငံလုံး အတိုင်းအတာ၊ တကမ္ဘာလုံး အတိုင်းအတာ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ လူတိုင်း လူတိုင်းမှာ တာဝန်ယူစိတ်၊ တာဝန်သိစိတ်ရှိဖို့ လိုပါတယ်။ ရောဂါမကူးစက်အောင် နေထိုင်ခြင်းဟာ တဦးချင်းအတွက်သာမက၊ လူ့အသိုင်းအဝိုင်း တခုလုံးရဲ့ အကျိုးစီးပွားဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေကို ဝန်ထုပ်ဝန်ပိုး သက်သာစေပါတယ်။ ပြည်သူသာ အခရာ ဆိုတာ ဒါကို ပြောတာပါ။ တဦးချင်း ကျန်းမာအောင်နေ၊ သူများတွေ မကူးစေနဲ့။ သင်ခန်းစာ (၆) ကမ္ဘာ့ စီးပွားရေး ကျန်းမာဖို့ဆိုရင် လူတွေ ကျန်းမာနေမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ကျန်းမာရေး စောင့်ရှောက်မှု၊ သိပ္ပံနဲ့ သုတေသနအတွက် ရင်းနှီးမြှုပ်နှံမှုတွေ (အသုံးစရိတ်တွေ) များများ လိုပါတယ်။ တိုင်းပြည်အသုံးစရိတ်ထဲက စစ်တပ်ကိုပဲ တဖို့တည်းဖို့ နေရလို့ မွဲနေတဲ့ တိုင်းပြည်မှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေ အားမကောင်းရင် တကယ်ဖြစ်လာရင် လူတွေ သေဖို့သာ ပြင်ပေတော့ပေါ့။ သင်ခန်းစာ (၇)  ဒီလို အခြေအနေမျိုးမှာ ဒီမိုကရေစီ အင်စတီ ကျူးရှင်းတွေဟာလည်း ပိုပြီး အသက်ဝင်ဖို့ လိုပါတယ်။ အကြပ်အတည်းကာလမျိုးမှာ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီ ခေါင်းဆောင်မှုက မှန်ကန် ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေကို ချဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ နှေးကွေးလေးလံပြီး မထိရောက်ဘူးဆိုရင် အာဏာရှင်စနစ်ကို မျှော်နေတဲ့ လူတွေရဲ့အကြိုက် ဖြစ်သွားနိုင်တာ သတိရပါ။ နာဂစ်တုန်းက လူသိန်းချီ သေ၊ သန်းချီ ဒုက္ခရောက်တာကို လျစ်လျူရူ့ခဲ့တာကို မမှတ်သေးဘဲ ဘဘ ကြီးတွေကို မျှော်သူတွေကလည်း ရှိနေတုန်းပါပဲ၊ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီ အစိုးရက မထိရောက်ရင် ဒီမိုကရေစီစနစ်ကို လူထု ယုံကြည်မှု ထိခိုက်ရုံမက၊ လက်ရှိရနေတဲ့ အခွင့်အရေး၊ လွတ်လပ်မှုတွေ အပေါ်လည်း သက်ရောက်မှုတွေ ရှိလာပါလိမ့်မယ်။ ဒါကြောင့် ဒီအချိန်မှာ ဒီမိုကရေစီ အင်စတီ ကျူးရှင်းတွေ အလုပ်ဖြစ်နေဖို့ ဆိုတာဟာ တိုင်းပြည် ကျန်းမာရေးတခုတည်းအတွက် အရေးကြီးတာ မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ အနာဂတ် လူတိုင်းရဲ့ လုံခြုံရေးနဲ့ အခွင့်အရေး လွတ်လပ်မှုတို့အတွက်ပါ အရေးကြီးပါတယ်။ နေသွင်ညိဏ်း ကိုးကား Listening to the Pandemic by Federica Mogherini
2 years Ago
Up