မန္တလေးမြို့မှာ ဆေးဝါးနဲ့ အစားအသောက် အခမဲ့ သယ်ယူပို့ဆောင်ရေးကူညီမှုအစီအစဉ်ကို ဇူလိုင် ၂၁ ရက်က စတင်ပြုလုပ်နေတယ်လို့ ဆေးဝါးနှင့် အစားအသောက် ကူညီပို့ဆောင်ရေး စေတနာ့ဝန်ထမ်းအဖွဲ့ကနေ သိရပါတယ်။
Green Cross Rescue (ချမ်းမြသာစည်) ရဲ့ ဆေးဝါးနှင့် အစားအသောက် ကူညီပို့ဆောင်ရေး စေတနာ့ဝန်ထမ်းအဖွဲ့ကို ပြည်သူမှပြည်သူသို့ ကူညီချင်တဲ့ လူငယ်တွေ စုစည်းဖွဲ့စည်းထားတာပါ။
ဒီအဖွဲ့ဟာ အမှန်တကယ် လူနာနဲ့ လူနာရှိတဲ့ အိမ်၊ အမှန်တကယ် ခက်ခဲနေတဲ့အိမ်တွေ၊ အိမ်ပြင် မထွက်နိုင်တဲ့ လူနာနဲ့ တအိမ်လုံးနီးပါး ကျန်းမာရေး ချို့ယွင်းနေတဲ့ အိမ်တွေကိုသာ ပို့ဆောင်ခ အခမဲ့ ကူညီပေးမှာ ဖြစ်ပါတယ်။
လူနာမရှိဘဲ အကူအညီ မတောင်းခံကြဖို့နဲ့ သာမန်အခက်အခဲထက်မပိုတဲ့ အိမ်ထောင်စုတွေအနေနဲ့ အလှူမခံကြဖို့ မေတ္တာရပ်ခံထားပါတယ်။ ဆေးဝါးနှင့် အစားအသောက် ကူညီပို့ဆောင်ရေး စေတနာ့ဝန်ထမ်းအဖွဲ့ရဲ့ အိမ်အရောက် ဆေးဝါးနဲ့ အစားအစာတွေ သယ်ယူပို့ဆောင်ရေး အခမဲ့ အကူအညီရယူလိုပါက 09- 880 695 119 သို့ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့က အင်းယားကိုဗစ်စင်တာအတွက် စေတနာ့ဝန်ထမ်း ဆေးဘက်ဆိုင်ရာ ပညာရှင်တွေနဲ့ သန့်ရှင်းရေးစေတနာ့ဝန်ထမ်းတွေကို အာဏာသိမ်း စစ်ကောင်စီက ခေါ်ယူနေပါတယ်။
အင်းယားစင်တာအနေနဲ့ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလတွင်း ရောဂါဝေဒ နာ ခံစားနေရတဲ့ မိဘပြည်သူတွေကို တတ်စွမ်းသမျှ ကာယအား၊ ဉာဏအားနဲ့ တွန်းလှန်တိုက်ထုတ်နေပြီး ရှေ့တန်းကနေ အတူလက်တွဲတိုက်ပွဲဝင်ကြဖို့ စေတနာ့ဝန်ထမ်းတွေ များစွာလိုအပ်နေတယ်လို့ ဆိုပါတယ်။
စိတ်ဝင်စားပါဝင်ကူညီလိုသူတွေအနေနဲ့ အင်းယားကိုဗစ်စင်တာ ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၊ ဒါမှမဟုတ် အီးမေးလ်လိပ်စာ [email protected] တို့ကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။
ဆေးဘက်ဆိုင်ရာပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ခိုင်းစေဖို့ လိုအပ်ချက်အရ တစ်ဖက်မှာ ဖိတ်ခေါ်နေသလို တဖက်မှာလည်း ကျန်းမာ ရေးလုပ်သားတွေနဲ့ စေတနာ့၀န်ထမ်းတွေအပေါ် ဖမ်းဆီး နှိမ်နင်းဖြိုခွင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
ဆရာဝန်တွေနဲ့ သူနာပြုတွေ အပါအ၀င် ကျန်းမာရေး၀န်ထမ်းတွေဟာ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး လူထုရဲ့ အာဏာဖီဆန်တဲ့လှုပ်ရှားမှုမှာ ပါဝင် ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက ပစ်မှတ်ထား ဖမ်းဆီးနေတာပါ။
ခုလိုသာ ဆက်သွားနေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု နှုန်းဟာ ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေ ပိုဆိုးအောင် စစ်ကောင်စီက တွန်းပို့နေတယ်လို့ CDM လှုပ်ရှားမှုကိုထောက်ခံတဲ့ ဆရာဝန် တွေက ဝေဖန်တာတွေလည်း ရှိနေပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားစစ်အာဏာ သိမ်းထားတဲ့ ကာလဟာ ၆ လနီးပါးရှိလာခဲ့ပြီဖြစ်ကာ ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှု တွေနဲ့အတူ ထိန်းချုပ်မရနိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။
အန်အယ်လ်ဒီအစိုးရလက်ထက်မှာတော့ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းကာ လတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ပြည်သူတွေနဲ့အတူ ဟန်ချက်ညီညီနဲ့ ကူးစက်ပျံ့နှံ့မှုနဲ့ သေဆုံးမှုလျော့ကျစေရေးအတွက် အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တာပါ။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၅,၀၀၀ နီးပါး နဲ့ စုစုပေါင်းကူးစက်ခံရသူ ၂ သိန်း ၈ သောင်းကျော်ရှိနေပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၈ ရက်ညက ထုတ်ပြန်ထားတာပါ။
စစ်ကောင်စီထုတ်ပြန်တဲ့ ကိုဗစ်ပိုးစစ်ဆေးမှုနဲ့ တွေ့ရှိတဲ့နှုန်း ပမာဏဟာ မြေပြင်မှာ အမှန်တကယ်သေဆုံးတဲ့ စာရင်းထက် အဆမတန်နည်းပါးတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
မိသားစုတိုင်း ဆွေမျိုးအသိုင်းအဝိုင်းတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ ရှိနေပြီး လက်၇ှိ မြန်မာနိုင်ငံမှာ လူငါးယောက်မှာ တစ်ယောက်နှုန်း ကိုဗစ်-၁၉ ကူးစက်ခံရတဲ့အထိ ကူးစက် နှုန်းတွေ မြင့်တက်နေတယ်လို့လည်း ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။