စူပါဝမ်းမုန့်တိုက်

December 14, 2020

ကျောက်ဆည် စူပါဝမ်းမုန့်တိုက် ဝန်ထမ်းများ၏ မိသားစုဝင် ၅ ဦး ကိုဗစ်-၁၉ ပိုး ထပ်မံတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၈ ယောက် တနေ့တည်း တွေ့ခဲ့တဲ့ စူပါဝမ်းမုန့်တိုက် ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေကို ထပ်မံစစ်ဆေးရာမှာ အတည်ပြုလူနာ ၅ ယောက် ထပ်မံတွေ့ရှိခဲ့တယ်လို့ ကျောက်ဆည်မြို့နယ် အထွေထွေဆေးရုံအုပ်ကြီး ဦးဝင်းမော်က ပြောပါတယ်။ “ကိုယ့်အိမ်ကိုယ်ပြန်ကြတဲ့ ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေမှာပါ ပိုးတွေ့နေရပြီဖြစ်လို့ ကျောက်ဆည်ဟာ စောင့်ကြည့်ရမယ့် အနေအထားတစ်ခုအထိ ရောက်နေပါပြီ” လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဒါ့အပြင် ပိုးတွေ့လူနာ ၁၈ ယောက် စတွေ့ခဲ့တဲ့ စူပါဝမ်းမုန့်တိုက်ဟာ အအေးခန်းဖြစ်ပြီး ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေကလည်း mask တပ်လေ့မရှိတာကြောင့် ဆိုင်ဝင်ထွက်သူတွေကို ကူးစက်နိုင်ခြေ ရာခိုင်နှုန်းပြည့်ရှိနေတယ်လို့ ​ကျောက်ဆည် ကိုဗစ်ကော်မတီ လက်ထောက်ဆရာဝန် ယဥ်မင်းမင်းစိန်က ပြောပါတယ်။ ရောဂါအခံကြောင့် ဆေးရုံရောက်လာတဲ့ ကိုဗစ်အတည်​​ပြုလူနာ မုန့်တိုင်ပိုင်ရှင် အမျိုးသားကတဆင့် မိသားစုဝင် နဲ့ ဝန်ထမ်း စုစုပေါင်း ၁၇ ဦးကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာပါ။ လက်ရှိမှာ အဲဒီမုန့်တိုက်ကို စျေးဝယ်ဝင်ထွက်ရှိသူတွေ ကွာရန်တင်းဝင်ကြဖို့ တိုက်တွန်းထားပြီး မုန့်တိုက်မှာ ကူးစက်မှုဖြစ်ပွားခဲ့တဲ့အပေါ် မြို့ခံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။  ကျောက်ဆည်မြို့မှာ ဒီဇင်ဘာ ၁၃ ရက်အထိ ကိုဗစ်-၁၉ တည်ပြုလူနာ ၉၆ ဦးထိ ရှိသွားပြီလို့ သိရပါတယ်။ သတင်း - နွေလှိုင်း(YU)၊ ဓာတ်ပုံ - Rescue Kyaukse
4 months Ago

December 13, 2020

ကျောက်ဆည်မြို့နယ်က မုန့်တိုက်ပိုင်ရှင်၊ မိသားစုနှင့်ဆိုင်ဝန်ထမ်း ၁၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

ကျောက်ဆည်မြို့နယ် စူပါဝမ်းမုန့်တိုက်က မုန့်တိုက်ပိုင်ရှင်၊ မိသားစုနဲ့ ဆိုင်ဝန်ထမ်း စုပေါင်း ၁၈ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် မြို့လယ်ကောင်က စူပါဝမ်းမုန့်တိုက်က ပိုင်ရှင်အမျိုးသားဟာ ဆီးချိုရောဂါအခံကြောင့် အပြင်ဆေးခန်းပြရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပြီး တဆိုင်လုံးကို ထပ်မံစစ်ဆေးရာ မိသားစုဝင် ၁၀ ဦးနဲ့ ဆိုင်ဝန်ထမ်း ၇ ဦးတို့မှာ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့တာလို့ ကျောက်ဆည်မြို့နယ် ကိုဗစ်ကော်မတီက သိရပါတယ်။ “ဆေးခန်းက ဆရာဝန် ဝန်ထမ်းတွေကတော့ negative ထွက်ခဲ့ပေမဲ့ အဲဒီမုန့်ဆိုင်မှာ စျေးဝယ်သူတွေ ဝင်ထွက်သူတွေကို contact လိုက်လို့ မလွယ်တော့တာကြောင့် အဲဒီမုန့်တိုက်ကို လွန်ခဲ့တဲ့ တစ်ပတ်အတွင်း ဝင်ထွက်ခဲ့သူတွေ ကိုယ့်အသိစိတ်နဲ့ကိုယ် ကွာရန်တင်းဝင်ကြဖို့”  မြို့နယ်ဆေးရုံအုပ်ကြီးက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ တိုက်တွန်းပါတယ်။ ဆိုင်ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေနဲ့ ဆိုင်အနီးအနားက အိမ်တွေကို ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ ထပ်မံစစ်ဆေးသွားမှာဖြစ်ပြီး ပြည်လုံးနိုင်ရပ်ကွက် ၁၇ လမ်းကိုလည်း တစ်လမ်းလုံး lockdown ချလိုက်ပြီလို့ မြို့နယ်ကိုဗစ်ကော်မတီ လက်ထောက်ဆရာဝန် ဒေါက်တာယဥ်မင်းမင်းစိန်က ပြောပါတယ်။ “အနီးအနား ပတ်ဝန်းကျင်အိမ်တွေနဲ့ ဆိုင်ဝန်ထမ်းမိသားစုဝင်တွေပါ positive ထွက်ခဲ့ရင် ကျောက်ဆည်မြို့ဟာ စိုးရိမ်နိုင်ဖွယ်ရှိတယ်။” ဆေးရုံမှာ အတည်ပြုလူနာတွေထားဖို့ အရန်ခုတင်အလုံး ၂၀ လောက် လိုအပ်နေပြီး လှူဒါန်းပေးကြဖို့လည်း ဆရာဝန်တွေက ပြောပါတယ်။ ကျောက်ဆည်မြို့နယ်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာအယောက်  ၉၀ အထိ ရှိသွားပြီဖြစ်ပါတယ်။ သတင်း - နွေလှိုင်း(YU)
4 months Ago
Up