စူပါမားကတ်တခု

November 22, 2020

ဘရာဇီးတွင် ဆန္ဒပြသူများက တောင်အာဖရိကအခြေစိုက် စူပါမားကတ်တခုကို ဖျက်ဆီး

ဘရာဇီးနိုင်ငံတောင်ပိုင်း ပေါ်တိုအယ်လေဂရေ မြို့ထဲက စတိုးဆိုင်မှာ လူမည်းတယောက် လုံခြုံရေးအစောင့်တွေရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ပြီးနောက် နိုဝင်ဘာ ၂၀ ရက်မှာ ဆောင်ပါလိုမြို့က ကာဖူးဘရပ်ဆဲလ် စူပါမားကတ်ကို ဒါဇင်ချီတဲ့ ဆန္ဒပြသူတွေက ဖျက်ဆီးခဲ့ပါတယ်။  အလားတူ ဆန္ဒပြပွဲတွေဟာ ပေါ်တို အယ်လ်လေဂရေနဲ့ ရီယိုဒီဂျနေရိုမြို့တွေက ကာဖူး ဘရပ်ဆဲလ် စူပါမားကတ်တွေမှာလည်း သောကြာနေ့က ဖြစ်ပွားခဲ့ပါတယ်။  နိုဝင်ဘာ ၁၉ ရက်မှာ လူမည်း အမျိုးသားက ဆိုင်ဝန်ထမ်း အမျိုးသမီးကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်အပြီး လုံခြုံရေးဝန်ထမ်းတွေက လူမည်းအမျိုးသားကို ဝိုင်းရိုက်ရင်း သေဆုံးမှုဖြစ်ခဲ့တာလို့ ရီယိုဂရန်ဒီ ဒိုဆူးလ်ပြည်နယ် တပ်ထိန်းရဲကို ကိုးကားပြီး ဂလိုဘိုနယူးစ်သတင်းဌာနက ပြောပါတယ်။ လူမည်းအမျိုးသားကို ရိုက်နှက်နေပုံ ရုပ်သံဖိုင်ကို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ခဲ့ကြပါတယ်။  သေဆုံးရတဲ့ အကြောင်းရင်းက အသက်ရှူမဝလို့ သေဆုံးတာလို့ ပြည်နယ် မှုခင်းဆေးပညာ ဌာနက ကနဦး သုံးသပ်ထားတယ်လို့ G1 ဝက်ဆိုဒ်သတင်းဌာနက ဆိုပါတယ်။  ရက်စက်တဲ့ သေဆုံးမှုအတွက် တာဝန်ရှိသူတွေကို တရားဝင် အပြစ်ပေးတာ သေချာစေရေး ချက်ချင်း လုပ်နေပြီလို့ ကာဖူးတောင်အာဖရိကကုန်တိုက်လုပ်ငန်းစုကြီး Carrefour SA ရဲ့ ဒေသန္တရ ဌာနခွဲက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။   “ဖြစ်ရပ်ကို လေးစားတဲ့အနေနဲ့ စတိုးဆိုင်ကို ပိတ်မယ်၊ လူသေမှု ဖြစ်ခဲ့တဲ့ စတိုးဆိုင်က ဝန်ထမ်းတာဝန်ခံကို အလုပ်ဖြုတ်မယ်၊ လုံခြုံရေး ဝန်ထမ်းတွေကို ငှားထားတဲ့ လုပ်ငန်း နဲ့ ကန်ထရိုက်ကိုလည်း ဖျက်သိမ်းမယ်” လို့ Carrefour SA က ပြောပါတယ်။  နိုဝင်ဘာ ၂၀ ရက်ဟာ ဘရာဇီးမှာ လူမည်းတွေကို နားလည်ရေးနေ့အဖြစ် နိုင်ငံအနှံ့ အပြားမှာ ဂုဏ်ပြုတဲ့နေ့ပါ။  ဘရာဇီးပြည်သူတွေက သူတို့နိုင်ငံကို ဟန်ချက်ညီတဲ့ လူမျိုးရေးဒီမိုကရေစီရှိတဲ့ နိုင်ငံ အဖြစ် မှတ်ယူထားပြီး လက်ယာစွန်း သမ္မတကလည်း လူမျိုးရေး ခွဲခြားမှု ရှိတယ်ဆိုတဲ့ အချက်ကို ငြင်းထားပါတယ်။  ဒါပေမယ့် ကျွန်ပြုမှု ဓလေ့ကို ၁၈၉၉ ခုနှစ်မှာ ဖျက်သိမ်းခဲ့တဲ့ ဘရာဇီးမှာ လူမျိုးရေး ခွဲခြားမှု ရှိနေသေးတာ သက်သေပဲလို့ ရိုက်တာသတင်းက သုံးသပ် ဖော်ပြပါတယ်။
5 months Ago
Up