စူပါမန်းမင်းသမီး

May 15, 2018

နာမည်ကျော် စူပါမန်းရုပ်ရှင် သရုပ်ဆောင်မင်းသမီး မားဂေါ့ကစ်ဒါ ကွယ်လွန်

စူပါမန်းရုပ်ရှင်နဲ့ နာမည်ကျော်လာခဲ့တဲ့ သရုပ်ဆောင် မင်းသမီး မားဂေါ့ ကစ်ဒါ (Margot Kidder) ဟာ သူ့ရဲ့နေအိမ်မှာ မေလ ၁၄ ရက်နေ့က ကွယ်လွန်သွားပါတယ်။ အသက် ၆၉ နှစ်အရွယ် မားဂေါ့ ကစ်ဒါ ကွယ်လွန်ရတဲ့ အကြောင်းရင်းကိုတော့ လတ်တလော မသိရသေးပါဘူး။ မားဂေါ့ဟာ ၁၉၇၀ နဲ့ ၁၉၈၀ ကျော် ကာလတွေက ရိုက်ကူးတဲ့ စူပါမင်း ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ကျော်လာခဲ့သူပါ။ ကနေဒါနိုင်ငံမှာ မွေးဖွားတဲ့ သူမဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်ခဲ့ပြီး “R.L Stine’s The Haunting Hour” ရုပ်သံဇာတ်လမ်းနဲ့ Emmy ရုပ်သံဆု ရရှိခဲ့ပါတယ်။ မားဂေါ့ဟာ ၁၉၉၀ ပြည့်နှစ်လယ်ကာလတွေမှာ စိတ်ဝေဒနာ ခံစားခဲ့ရပါတယ်။ သူဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၁၉၉၀ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပင်လယ်ကွေ့စစ်ပွဲကို ဆန့်ကျင်သူလည်း ဖြစ်ပါတယ်။
3 years Ago

May 14, 2018

ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးအနီး ပလက်ဖောင်းပေါ်တွင် ညမအိပ်ကြရန်သတိပေး

  ရန်ကုန်မြို့ ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးအနီး ပလက်ဖောင်းပေါ်မှာ ညအိပ်စောင့်နေတဲ့ လူနာတွေကို ရဲကဖမ်းဆီးတာတွေရှိနေပြီး ညမအိပ်ဖို့ သတိပေးထားတယ်လို့ လူနာတွေကို ကူညီပေးနေသူ ဦးမျိုးက ပြောပါတယ်။ ခုတင် ၅၀၀ ဆံ့ အထူးဆေးရုံကြီးကို ရပ်ဝေးကနေ လာရောက် ဆေးကုသကြတဲ့ နာတာရှည်ရောဂါဝေဒနာရှင်တွေဟာ ရက်ချိန်းရဖို့ ငွေကြေးအခက်အခဲကြောင့် လမ်းဘေး ပ လက်ဖောင်းမှာ အိပ်ပြီး စောင့်ရတဲ့အတွက်  အခက်အခဲတွေ ဖြစ်နေပါတယ်။ ဒီသတင်းကို ဒီဗွီဘီသတင်းဌာနက ပြီးခဲ့တဲ့ သီတင်းပတ်က တင်ပြီးနောက် လမ်းဘေးမှာ အိပ်နေကြတဲ့ လူနာတွေကို ရဲတပ်ဖွဲ့က လာရောက်ပြီး မအိပ်ဖို့နဲ့ အိပ်ရင်ဖမ်းတယ်လို့ ပြောဆိုခဲ့ကြောင်း ဦးမျိုးက ပြောပါ တယ်။ “လူမမာတွေက နယ်ကနေ လာရတယ်။ တချို့ကတော့လည်း ပိုက်ဆံက မရှိ၊ ဒီမှာ တည်းခိုစရာကလည်းမရှိ၊ ဆရာဝန်က မနက်ဖြန် ပြန်ချိန်းတဲ့အခါကျတော့ သူတို့မှာ သွားစရာ၊ လာစရာ မရှိတော့ ဒီပလက်ဖောင်းမှာ ညဖက်ဆို အိပ်ရတာကိုး။ အိပ်တာဆိုတော့ ဒီနား ဖြတ်သွား ဖြတ်လာ၊ နိုင်ငံခြားသားတွေလည်း ရှိတယ်။ အဲဒီနေ့က ဒီဗွီဘီက လာရိုက်ပြီးတော့ တင်ပေး လိုက်တော့ သူတို့ဆီ ရောက်သွားလိမ့်မယ်။ ရောက်သွားတဲ့အခါကျတော့ သိတဲ့အတိုင်းပေါ့၊ ငါတို့တိုင်းပြည်က။ အဲဒီနေ့ညကပဲ အဲဒီမှာရှိတဲ့လူတွေကို တခါတည်းလာဖမ်းတာ။ ရဲတွေပေါ့။ ငါတို့ကလည်း ကားသမားအနေနဲ့ပြောတာ။ သူတို့က နယ်ကနေ လာတာ၊ တည်းစရာ၊ ခိုစရာ အဖို့ သူတို့မှာ ပိုက်ဆံမရှိဘူး အဲဒါပြောတာကို ခင်ဗျားတို့နဲ့မဆိုင်ဘူး။ ခင်ဗျားတို့လည်း အသာနေတဲ့။ ကျနော်တို့တွေက တိုင်လို့လုပ်ရတာတဲ့။ နယ်ကလူတွေဆိုတော့လည်း လန့်တာပေါ့။ လန့်တော့ သွားရတာပေါ့။” ဒီလိုလူနာတွေကိုဖမ်းဆီးတယ်ဆိုတဲ့အပေါ် လမ်းမတော် ရဲစခန်းကို မေးမြန်းကြည့်ရာမှာတော သူတို့အနေနဲ့ ဖမ်းဆီးမှုမရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ “အဲဒါ ရဲက ဘယ်မှာဖမ်းလို့လဲ။ ရဲက မဖမ်းပါဘူး။ ကျမတို့ လမ်းမတော်ရဲစခန်းကလည်း မဖမ်းဘူးရှင်။ ဒီမှာ တာဝန်ခံနယ်ထိန်းလည်းရှိပါတယ်။ သူကိုယ်တိုင်ပြောတာ မဖမ်းဘူးလို့ ပြောပါတယ်” ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးအနီး ဆေးကုသမှု ခံယူနိုင်ဖို့အတွက် ဆေးရုံကို လာရောက်ကြတဲ့ အသည်း၊ ကျောက်ကပ်၊ အဆုတ်နဲ့ နှလုံးရောဂါသည် နာတာရှည်ရောဂါ ဝေဒနာရှင်လူနာ မိသားစု အများစုဟာ ငွေကြေးအခက်အခဲတွေကြောင့် အခုလို လမ်းပေါ်မှာ အိပ်စက်နေကြရတာပါ။
3 years Ago
Up