စူပါဖလား

August 12, 2021

စူပါဖလား ပင်နယ်တီအဆုံးအဖြတ်တွင် ဂိုးသမားကီပါကို လူစားလဲရန်ပြင်ဆင်ခဲ့ဟု ချဲလ်ဆီးနည်းပြ ပြော

ဗီလာရီးရဲလ်နဲ့ ဥရောပစူပါဖလားပွဲမှာ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းချိန် အရန်ဂိုးသမား ကီပါကို လူစားဝင်ဖမ်းစေဖို့ ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ ချဲလ်ဆီးနည်းပြတူချယ်ကပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ ဗီလာရီးရဲလ်နဲ့ ပွဲစဉ်မှာ တစ်ဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ကန်ဖို့ ဖြစ်လာချိန်မှာ အရန် ဂိုးသမားကီပါကို မန်ဒီရဲ့နေရာမှာလူစားဝင်ကစားစေခဲ့တာပါ။

ကီပါဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ၂ ကြိမ် ကာကွယ်နိုင်ခဲ့ပြီး ၆ ဂိုး ၅ ဂိုးနဲ့ ချဲလ်ဆီးအသင်းကအနိုင်ရခဲ့တာပါ။

ပင်နယ်တီကာကွယ်တဲ့ အချက် အလက်ရှာဖွေပေးသူနဲ့ ဂိုးနည်းပြတို့ရဲ့ အကြံပေးချက်အရ ဂိုးသမားကီပါက အကောင်းဆုံးဖြစ်တာကြောင့်  အားလုံးနဲ့ ညှိနိူင်းပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ နည်းပြတူချယ်ကပြောပါတယ်။ 

တူချယ်က “ ဂိုးသမား မန်ဒီကလည်း လူစားလဲဖို့ လက်ခံပေးခဲ့တာက နှစ်သက်စရာပါ။ ဘန်စလေနဲ့  ဖလားပွဲစဉ်ကတည်းက ဒီအစီအစဉ်လုပ်မယ်ဆိုတာ သိကြပါတယ်။အသင်းအတွက် အကောင်းဆုံး ဖြစ်စေမယ့်အရာက အဓိကလိုအပ်ချက်ဖြစ်တာအမှန်ပါပဲ။ ပင်နယ်တီကာကွယ်မှုမှာ ကီပါက အကောင်းဆုံးဆိုတာ သက်သေပြခဲ့တယ်။ ဂိုးသမား၂ယောက်လုံးကနှစ်သက်စရာပါပဲ။ သူတို့ ၂ ယောက်လုံးအတွက် ပျော်ရွှင်ပါတယ်” လို့ နည်းပြတူချယ်က ပြောပါတယ်။ 

2 months Ago

January 18, 2021

မက်ဆီ၏ အနီကတ်နှင့်အတူ စူပါဖလားကို လက်လွှတ်လိုက်ရသည့် ဘာစီလိုနာ

လီယွန်နယ်မက်ဆီဟာ သူ့ရဲ့ ဘာစီလိုနာကစားသမားဘဝ ပထမဆုံးသော အနီကတ်ကို တနင်္ဂနွေနေ့ ဘီလ်ဘာအိုနဲ့ပွဲမှာ အပြခံခဲ့ရပါတယ်။ စပိန်စူပါဖလား ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ပွဲမှာ ဘာစီလိုနာအသင်းဟာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အချိန်ပိုအထိ ဆက်ကစားခဲ့တဲ့ပွဲမှာ မက်ဆီဟာ ပွဲပြီးခါနီးမှ ပြိုင်ဘက်ကစားသမား အေစီယာဗီလာလီဘရီကို ရန်ပြုဖို့ ကြိုးစားခဲ့တာကြောင့် အနီကတ်ထိခဲ့တာပါ။ ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင်က ကနဦးမှာ မြင်တွေ့ခဲ့ခြင်းမရှိဘဲ VAR ပြန်ကြည့်ခဲ့ပြီးမှသာ မက်ဆီကို တိုက်ရိုက်အနီကတ်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မက်ဆီအတွက် ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံးအနီကတ်ဖြစ်ပြီး အသင်းအတွက် ၇၅၃ ပွဲကစားပြီးချိန်မှာ အပြခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်းက ပြိုင်ဘက်ကို ၂ ကြိမ်တိတိ ဦးဆောင်ထားခဲ့ပေမယ့် ချေပဂိုးတွေ၊ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရတာ ဖြစ်ပြီး မက်ဆီရဲ့ အနီကတ်ဟာ အသင်းရဲ့ ရှုံးပွဲမှာ ပြောစရာအဖြစ် ကျန်ရစ်ခဲ့ပါတယ်။  ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဂရစ်ဇ်မန်းက ဘာကာအသင်းအတွက် ဦးဆောင်ဂိုး ၂ ကြိမ်တိုင်တိုင် သွင်းယူပေးခဲ့ပြီး ဘီလ်ဘာကိုအသင်းက ၂ ကြိမ်စလုံး ပြန်လည်ချေပနိုင်ခဲ့ပါတယ်။  သူတို့ရဲ့ဒုတိယဂိုးကို မိနစ် ၉၀ မှာ ရရှိခဲ့တာဖြစ်တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပို ၉၃ မိနစ်မှာ တိုက်စစ်မှူး ဝီလီယမ်က ဘီလ်ဘာအိုအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီး မိနစ်အနည်းငယ်အကြာ ၁၂၁ မိနစ်မှာ မက်ဆီဟာ အနီကတ် ထိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဘာစီလိုနာအသင်းခေါင်းဆောင်ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ သုံးသပ်ချက်ပေါ် မူတည်ပြီး ၄ ပွဲအထိ ပွဲပယ်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် အာဂျင်တီးနား ကစားသမားဟာ ဘာကာအသင်းရဲ့ ကိုပါ ဒယ်လ်ရေးဖလားပွဲအပြင် လာလီဂါ ပွဲစဉ် ၃ ခုကိုလည်း လွဲချော်ရတော့မယ့် အနေအထားမှာ ရှိနေပါတယ်။ ဘာကာအသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာရှိနေပြီး ထိပ်ဆုံးက အက်သလက်တီကိုထက် ၂ ပွဲ ပိုကစားထားက ၇ မှတ်ပြတ်နေဆဲ ဖြစ်ပါတယ်။  တနင်္ဂနွေနေ့ အနီကတ်ဟာ မက်ဆီရဲ့ ဘာစီလိုနာကစားသမားဘဝ ပထဆုံးအနီတ် ဖြစ်ပေမယ့် သူ့အတွက် ပထမဆုံးတော့ မဟုတ်ပါဘူး။ မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ကစားစဉ်မှာ အနီကဒ် ၂ ကြိမ် ပြခံခဲ့ရဖူးပါတယ်။ ဘီလ်ဘာအိုအသင်းကတော့ ဒီပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ စတဲ့ အင်အားကြီး အသင်းတွေကို အနိုင်ယူပြီး ထိုက်ထိုက်တန်တန် ဗိုလ်စွဲသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
9 months Ago
Up