စုံတွဲသီချင်းသစ်

A d v e r t i s e m e n t With Us

December 21, 2020

စိုင်းစိုင်းခမ်းလှိုင်နှင့် 2NE1 အဖွဲ့ဝင်ဟောင်း Park Bom စုံတွဲသီဆိုထားသည့် သီချင်းသစ် ထွက်ရှိ (ရုပ်သံ)

ပရိသတ်အချစ်တော် မြန်မာနာမည်ကြီး အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ အမျိုးသမီး ကေပေါ့ပ်အဖွဲ့တဖွဲ့ဖြစ်တဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom တို့ စုံတွဲသီဆိုထားကြတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။ Red Light လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ Spotify , Apple Music , Joox  App တွေကတဆင့် နားဆင်နိုင်မှာဖြစ်သလို စိုင်းစိုင်းခမ်းလှိုင်အနေနဲ့ ပထမဆုံးအကြိမ် နိုင်ငံတကာအနုပညာရှင်တွေနဲ့ သီချင်းတွဲဖက်ဖန်တီးထုတ်လုပ်ခွင့်ရတာဖြစ်လို့ ရင်ခုန် စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ စိုင်းစိုင်းလို့ ချစ်စနိုးခေါ်ကြတဲ့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ အဆိုတော် စိုင်း စိုင်းခမ်းလှိုင်ဟာ ၁၉၉၆ ခုနှစ်လောက်ကတည်းက အနုပညာလောကထဲကို မော်ဒယ်လ်ဘဝနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးထွက်ရှိခဲ့တဲ့  ‘ချောကလက် ရောင် ရေခဲအိပ်မက်’ တေးစီးရီးနဲ့ စတင် လူသိများလာခဲ့တာပါ။ အဲဒီနောက်မှာတော့ သူငယ်ချင်းများစွာ၊ ဖေဖော်ဝါရီမှတ်တမ်း၊ Sai Sai Live Show၊ စိုင်းစိုင်းဟုခေါ်သည်၊ Happy Sai Sai Birthday၊ အမြဲတမ်းဂေါ်လီ Ever Golli၊ ဒိတ်ဒိတ်ကြဲ စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေပေါင်း များစွာမှာလည်း သီဆိုအောင်မြင်ခဲ့သူပါ။ စက္ကူငှက်၊ ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ စတဲ့ ကိုယ်တိုင်ရေး ဝတ္ထုတွေလည်း ထွက်ရှိခဲ့ဖူးတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်၊ အေဒင်ရဲ့ ကချေသည်၊ ကြာတော့သည်လည်း မောင့်စကား စတဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး သိပ်မကြာခင်ကတော့ သူကိုယ်တိုင် ထုတ်လုပ်ခဲ့တဲ့ ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ကားကိုလည်း ရုံတင်ပြသနိုင်ခဲ့တာပါ။ သူဟာ တခြားစီးပွားရေးတခုအနေနဲ့ နှုတ်ခမ်းနီမလေးတွေအကြိုက် Sai နှုတ်ခမ်း နီကိုလည်း ထုတ်လုပ်ခဲ့ကာ လက်ရှိအချိန်ထိ ပရိသတ်ရဲ့ အခိုင်အမာအားပေးမှုကို ဆယ်စုနှစ်နဲ့ချီ ရရှိထားခဲ့သူတဦး ဖြစ်ပါတယ်။ သူ့ရဲ့ တနှစ်နဲ့တနှစ် မတူအောင် ကွဲပြားခြားနားတဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ ဖျော်ဖြေခဲ့တဲ့ မွေးနေ့ရှိုးတွေဟာလည်း အောင်မြင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက အသက် ၄၁ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ မွေးနေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲကို လတ်တလော COVID-19 ကပ်ရောဂါကြောင့် အိပ်ခန်းထဲမှ ဖျော်ဖြေပွဲအသွင် “Sai Sai Birthday Show” in Bedroom လို့ အမည်နဲ့ ကျင်းပခဲ့တာ ဖြစ်ပြီး ရရှိတဲ့ အကျိုးအမြတ်တွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပရိသတ်တွေနဲ့အတူ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ မကြာခင်ကလည်း နာမည်ကြီး မဂ္ဂဇင်းတစောင်ဖြစ်တဲ့ ဖို့ဘ်စ်မဂ္ဂဇင်းက ရွေးချယ်တဲ့ Asia’s Digital Stars အယောက် ၁၀၀ စာရင်းမှာ မြန်မာနိုင်ငံက အနုပညာရှင်တွေအနေနဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုန်ရွှေရည်တို့ ပါဝင်ခဲ့ပါသေးတယ်။ ဒီစာရင်းထဲမှာတော့ အင်တာနက်လူမှုကွန်ရက်ဆိုရှယ်မီဒီယာတွေပေါ်မှာ ပရိသတ်တွေကို အလွှမ်းမိုးနိုင်ဆုံး အာရှ-ပစိဖိတ်ဒေသတွင်းက အဆိုတော်တွေ၊ တေးဂီတအဖွဲ့တွေ၊ ရုပ်သံနဲ့ ရုပ်ရှင်စတားတွေ၊ ထင်ရှားကျော်ကြားသူဦးရေ ၁၀၀ ကို ရွေးချယ်ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ တချိန်က နာမည်ကြီး အမျိုးသမီးကေပေါ့ပ်အဖွဲ့ 2NE1 ရဲ့ အဖွဲ့ဝင်ဟောင်း Park Bom ကတော့ ဂီတလောကထဲ အကြာကြီးပျောက်သွားခဲ့ပြီးမှ တကျော့ပြန်အနေနဲ့ ပရိသတ်တွေရှေ့ ပြန်လည်ရောက်ရှိလာသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက် ၃၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ Park Bom ဟာ ၂၀၀၆ ခုနှစ်က စတင်ပြီး ကေပေါ့ပ်အနုပညာလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းခဲ့သူဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာတော့ အာရှရဲ့ လျှမ်းလျှမ်းတောက် အမျိုးသမီးကေပေါ့ပ်တေးဂီတ အဖွဲ့ 2NE1 နဲ့အတူ အောင်မြင်ခဲ့ပါတယ်။ “Go Away” ၊ “Lonely” ၊ “I Am the Best” ၊ “Ugly” ၊ “I Love You” ၊ “Falling in Love” ၊ “Missing You” ၊ “Come Back Home” စတဲ့ သီချင်းတွေနဲ့ အင်အားပြည့်ဝစွာ မတူညီတဲ့ အမိုက်စား ကကွက်တွေ၊ သီဆိုဖျော်ဖြေဟန်တွေနဲ့ ပရိသတ်တွေ ပါးစပ်ဖျား ရေပန်းစားခဲ့ပြီး တေးဂီတ ဆုတွေများစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ 2NE1 အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာတော့ အဖွဲ့ဖျက်သိမ်းခဲ့ပြီး အဖွဲ့ဝင်တွေဖြစ်ကြတဲ့ CL ၊ Minzy ၊ Dara တို့က သီးခြား အနုပညာလှုပ်ရှားမှုတွေနဲ့ ဆက်လက်လုပ် ဆောင်နေခဲ့ကြတာ ဖြစ်ပါတယ်။ ရင်းမြစ်တခုရဲ့ အဆိုအရ ပါ့ခ်ဘွန်ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ တကိုယ်တော် တေးအယ်လ်ဘမ်အတွက် ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေလုပ်ခဲ့လို့ ကျန်းမာရေး ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရပြီး နောက်မှာမှ ပြန်လည်ကျန်းမာလာခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ထွက်ရှိခဲ့တဲ့ သူ့ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ် Spring ဟာ Gaon Album Chart ရဲ့ ဒုတိယနေရာထိ ရောက်ရှိခဲ့တာဖြစ်ပြီး Gaon Chart Music Awards နဲ့ Seoul Music Awards တေးဂီတဆု ဆန်ခါတင်စာရင်းမှာ ပါဝင်နေပါတယ်။
2 months Ago

July 13, 2020

တရက်အတွင်း ကြည့်ရှုသူသန်းချီရှိနေသည့် ရွှေထူးနှင့် ရွှေမှုံရတီ စုံတွဲသီချင်းသစ်(ရုပ်သံ)

(ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ) ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီး ရွှေမှုံရတီနဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေထူးတို့ စုံတွဲသီဆိုထားကြတဲ့ သီချင်းသစ်တပုဒ်ဟာ ထွက်ရှိပြီး တရက်အတွင်းမှာပဲ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေပါတယ်။ “မိုးစက်များကပြောသော” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ရွှေထူးက ရေးစပ်ပေးထားပြီး ဇနီးမောင်နှံ ၂ ယောက်က အတွဲညီညီနဲ့ သီဆိုသရုပ်ဆောင်ထားပါတယ်။ “မိုးရေထဲမှာ ထီးအတူဆောင်း… နှစ်ယောက်လုံးစိုရွှဲကာချစ်တုန်း… လူကြီးတွေ မသိအောင် ဖုန်းတွေပြော… မနက်ခင်းတွေအဓိပ္ပါယ်အပြည့်ဆုံး... ဘာတွေ မှားယွင်းသွားတာလဲ… စဉ်းစားမရပါခက်ခဲ… ရန်တွေဖြစ်ကြ ပြန်ချစ်ကြနဲ့… အချစ်တွေ တိုးလာတာပေါ့… အရွယ်ရောက်စ ငါ့နှလုံးသားလေးဟာ… နင့်အပေါ်နစ်လာပါရော… အရမ်း ချစ်ခဲ့ ကြတယ်လေ… ဒီလို ဇာတ်သိမ်းလေးတော့မဖြစ်ချင်ဘူး” အဆိုတော်သရုပ်ဆောင်တယောက်ဖြစ်တဲ့ ရွှေထူးဟာ ‘ရုပ်သေးရုပ်’၊ ‘တံခါးဖွင့်ထားပါတယ်’၊ ‘မမျှော်လင့်တော့ပါဘူး’ စတဲ့ ထင်ရှားတဲ့ သီချင်းတွေအပါအဝင် တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး ‘စိတ်ကူးယဉ်စာအုပ်’တေးအယ်လ်ဘမ်ကတော့ ထင်ရှားတဲ့ တေးအယ်လ်ဘမ် ဖြစ်ပါတယ်။ သီချင်းတွေမှာတင်မက သရုပ်ဆောင်အနုပညာ အရည်အသွေးရှိတဲ့ ရွှေထူးဟာ ရုပ် ရှင်ကားတချို့မှာလည်း ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်တွေ လက်ခံအားပေးမှု ရရှိထားပါတယ်။ ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်နေပြီး အနုပညာလမ်းကြောင်းပေါ် အောင်မြင်တဲ့ သရုပ်ဆောင် မင်းသမီးတယောက်အနေနဲ့ ပရိသတ်ချစ်ခင်အားပေးမှုရရှိနေတဲ့ ရွှေမှုံရတီကတော့ အိမ်ထောင်ကျပြီးတဲ့နောက် “အမှား” ဆိုတဲ့ သီချင်းကို ခင်ပွန်းဖြစ်တဲ့ ရွှေထူးနဲ့အတူ သီဆိုခဲ့ပြီး အောင်မြင်တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ “ချစ်တယ်”အမည်နဲ့ သီချင်းလည်း ထွက်ရှိခဲ့ဖူးတာမို့ ခုသီချင်းကတော့ သူ့အနေနဲ့ တတိယမြောက်သီချင်းတပုဒ် ဖြစ်လာခဲ့တာပါ။ “တချို့အချစ်တွေကလေထဲမှာ… တချို့အချစ်တွေကျရင်ထဲမှာ… တချို့အချစ်တွေက မှောင်မဲပြီး လှောင်ပိန်းနေလဲ… ပျော်ရွှင်တဲ့လူအချို့ကတော့ယုံဆဲပါ… တချို့အချစ် တွေကျဖြူစင်တယ် ယုန်တွေလို... တချို့အချစ်တွေကျကျန်ခဲ့တယ်ပုံပြင်လို…  တချို့အချစ်တွေက ဘာဆိုဘာမှမဟုတ်ခဲ့ပဲနဲ့… ဘဝကိုပါပျက်လောက်တဲ့အထိ အရာရာပုံနေသလို” ခုသီချင်းရုပ်သံထဲမှာတော့ ချစ်သူ ၂ ယောက်ကြားက အလွမ်းအဆွေးခံစားချက်တွေနဲ့ ဇာတ်လမ်းပုံစံ ဖန်တီးရိုက်ကူးထားခဲ့တာကို ပရိသတ်တွေက ထူးထူးခြားခြား ရှုစားကြရမှာပါ။ ဒီသီချင်းကိုတော့ ဒါရိုက်တာ Jason Slip နဲ့ ပွင့်သိင်္ဂီဇော်တို့က ရိုက်ကူးပုံဖော်ပေးထားကြပြီး ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၁ သန်းခွဲကျော် ရှိနေပါတယ်။
8 months Ago
Up