ကိုလံဘီယာနိုင်ငံတလွှား ချီတက်ဆန္ဒပြပွဲတွေအတွင်း လူ ၃ ယောက် သေဆုံးတာ နဲ့ ပတ်သက်လို့ စုံစမ်းနေတယ်လို့ ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
အခုလို လူသေဆုံးတဲ့အထိ ဖြစ်တဲ့နေရာဟာ ကိုလံဘီယာနိုင်ငံထဲက ဗာရယ်ဒယ် ကောင်ကာ ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။
နောက်ထပ် ဆန္ဒပြပွဲတွေလုပ်ဖို့ တောင်းဆိုနေချိန်မှာပဲ နိုဝင်ဘာ ၂၂ ရက်က ကိုလံဘီယာနိုင်ငံ မြို့တွေမှာ အများပြည်သူသယ်ယူပို့ဆောင်ရေးပိုင်း အခက်အခဲတွေ ရှိခဲ့ပြီး မြို့တော် ဘိုကိုတာနဲ့ တခြားမြို့တွေမှာ ယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်နေပြိး အာဏာပိုင်တွေဟာ ပို့ဆောင်ရေး ပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းနေရပါတယ်။
လတ်တလောမှာတော့ မြို့တော်ဘိုကိုတာက ဘတ်စ်ကားဂိတ် နှစ်ဒါဇင်ကျော်ခန့် ပိတ်ထားရပြီး မြို့တောင်ပိုင်းက အလုပ်သမားလူတန်းစားတွေ နေထိုင်ရာ ဒေသနှစ်ခုမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးပြီး လမ်းပိတ်ဆို့တာတွေကို ဖယ်ရှားနေပါတယ်။
သမ္မတ အီဗန်ဒူကေးအစိုးရကို နိုဝင်ဘာ ၂၁ ရက်က လူနှစ်သိန်းခွဲကျော် ချီတက်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေရဲ့ မကျေနပ်ချက်တွေထဲမှာ သမ္မတ ဒူကေး ငြင်းဆိုထားတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ၊ အကျင့်ပျက်မှု တားဆီးရေး အစိုးရဘက်က မလုပ်ဆောင်တာနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ သတ်ဖြတ်ခံရတာတွေ ပါဝင်ပါတယ်။
အခု ဖြစ်နေတဲ့ ကိုလံဘီယာ ဆန္ဒပြပွဲတွေဟာ တခြား လက်တင်အမေရိကနိုင်ငံတွေ ဖြစ်တဲ့ ချီလီ၊ ဘိုလီးဗီးယားနဲ့ နီကာရာဂွါနိုင်ငံတွေနဲ့ ဆန္ဒပြပွဲတွေနဲ့လည်း သွားတိုက်ဆိုင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago