စုပေါင်းမင်္ဂလာပွဲ

February 19, 2019

အိန္ဒိယတွင် စုပေါင်းမင်္ဂလာပွဲကျင်းပပြီး ကက်ရှ်မီးယားဗုံးကွဲ ကျန်ရစ်သူမိသားစုများအတွက် ရန်ပုံငွေလှူဒါန်း

အိန္ဒိယနိုင်ငံအနောက်ဘက် ဆူရတ်မြို့မှာ ဖေဖော်ဝါရီ ၁၇ ရက်က မင်္ဂလာစုံတွဲ ၂၆၀ ကျော် ပါဝင်တဲ့ စုပေါင်းမင်္ဂလာပွဲကြီးတရပ် ကျင်းပခဲ့ပါတယ်။ အဲဒီ စုပေါင်းမင်္ဂလာပွဲမှာ ပါဝင်ဆင်နွှဲကြတဲ့ မင်္ဂလာစုံတွဲတွေနဲ့ တက်ရောက်လာတဲ့ ဧည့်သည်တွေက ကက်ရှ်မီးယားဒေသ ဗုံးပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့တဲ့ ရဲဝန်ထမ်းတွေရဲ့ ကျန်ရစ်သူ မိသားစုအတွက် ရန်ပုံငွေ လှူဒါန်းခဲ့ကြပါတယ်။ အိန္ဒိယမြောက်ပိုင်းမှာ တည်ရှိတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်က ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် အိန္ဒိယတပ်ထိန်းရဲ ၄၄ ဦး သေဆုံးခဲ့တာပါ။ မင်္ဂလာပွဲကရလာတဲ့ ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ သောင်းကျော်ကို ကျန်ရစ်သူ မိသားစုတွေဆီ ပေးအပ်လှူဒါန်းသွားပါတယ်။ အစ္စလာမ္မစ်သူပုန်ထမှု စကတည်းက ခုထိ လူအသေအပျောက် အများဆုံးဖြစ်တဲ့ ဒီကားဗုံးခွဲတိုက်ခိုက်မှုကို ပါကစ္စတန်အခြေစိုက် ဂျီဟတ်စစ်သွေးကြွအဖွဲ့ ဂျိုက်ရှ် အီ မိုဟာမဒ်က လုပ်ခဲ့တဲ့အတွက် အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံအကြား တင်းမာမှုတွေ မီးလောင်ရာလေပင့် ဖြစ်ခဲ့ပါတယ်။
2 years Ago
Up