စိုးနေလင်း

July 30, 2018

လာအို ရေကာတာ ပြိုပျက်မှုရဲ့ အကျိုးဆက်

အရှေ့တောင်အာရှဒေသ မဲခေါင်မြစ်ပေါ်မှာ တည်ရှိတဲ့ လာအိုနိုင်ငံဟာ မကြာခင် နှစ်ကာလတွေ အတောအတွင်းက ရေအားသုံးလျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုမှာ အင်နဲ့အားနဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့တာ တွေ့ရှိခဲ့ရပါတယ်။ ဒီအရှေ့တောင်အာရှဒေသရဲ့ ကုန်းတွင်းနိုင်ငံငယ်လေးဟာ သူ့ရဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေးက ရလာတဲ့ လျှပ်စစ်ဓာတ်အား အများစုကြီးကို နိုင်ငံရပ်ခြားကို တင်ပို့ ရောင်းချနေတဲ့အတွက် သူ့နိုင်ငံ တင်ပို့ကုန်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းအထိ ရရှိနေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအခြေအနေ ဖြစ်နေတဲ့အတွက် နိုင်ငံအစိုးရက သူ့နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏကို ၂၀၂၀ ပြည့်နှစ်မှာ နှစ်ဆတိုး ထုတ်လုပ်ပြီး အရှေ့တောင်အာရှရဲ့ ဘက်ထရီနိုင်ငံဖြစ်ဖို့ စီမံကိန်းတွေ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ ကျနော်တို့နိုင်ငံလို ကုန်းတွင်းပိတ်နိုင်ငံ မဟုတ်သလို သဘာဝသယံဇာတပစ္စည်း ပေါကြွယ်ဝလှတဲ့ နိုင်ငံတခုကတော့ လာအိုနိုင်ငံက မလုပ်နိုင်တဲ့ ကမ်းလွန် သဘာဝဓာတ်ငွေ့တွေကိုတောင် ထုတ်လုပ်ပြီး ဒေသတွင်းနဲ့ ဒေသပ နိုင်ငံကြီးတွေကို လျှပ်စ်ဓာတ်အားတွေ ရောင်းချဖို့ ကြိုးစားခဲ့ပါတယ်။ ကြိုးစားတဲ့အတိုင်းလည်း ရရှိခဲ့လို့ ဒေသတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံကို တင်ပို့ရောင်းချ အကျိုးများခဲ့သလို ဒေသပ နိုင်ငံကြီး ၂ နိုင်ငံကိုလည်း ရေရှည် စီမံကိန်းချပြီးတောင် တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်ကတော့ ကြွေးတင်စုတ်ပြတ်နေဆဲပဲ ဖြစ်ပါတယ်။ ဒါက စကားစပ်အဖြစ် ပြောပြလိုက်တာပါ။ စစ်အာဏာရှင်အစိုးရ အဆက်ဆက်နဲ့ ကနေ့ ဒီမိုကရေစီအစိုးရအထိလည်း အတားအဆီးမရှိ အင်နဲ့အားနဲ့ ထုတ်လုပ်တင်ပို့ ရောင်းချနေဆဲ ဖြစ်တာကိုလည်း တွေ့နေရပါတယ်။ လာအိုနိုင်ငံက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုတွေကတော့ အဲဒီလို အစိုးရက လုပ်နေရင် နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ မြစ်တွေရဲ့ ပံ့ပိုးမှုတွေအပေါ် ဆိုးကျိုး သက်ရောက်နိုင်တယ်လို့ သတိပေးထားခဲ့ကြပါတယ်။ သူတို့က ရေစီးဆင်းမှု၊ ငါးတွေနဲ့ စုန်ဆင်းသွားတဲ့ အနယ်အနှစ်တွေဟာ မဲခေါင်မြစ်ကမ်းတလျှောက်မှာ နေထိုင်နေကြတဲ့ သန်းနဲ့ချီတဲ့ ပြည်သူလူထုအတွက် အများကြီး အထောက်အပံ့ပေးနေခဲ့ပြီး အဲဒီရေအလျဉ်ကို ချုပ်ထိန်းလိုက်မယ်ဆိုရင်တော့ သူတို့တွေရဲ့ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်တော့မယ်လို့ သတိပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လာအိုသတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ လာအိုနိုင်ငံမှာ ၂၀၁၇ အထိ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ရုံပေါင်း ၄၆ ရုံရှိခဲ့ပြီး နောက်ထပ် ၅၄ ခု စီမံကိန်းချထားပြီး ဒါမှမဟုတ် တည်ဆောက်နေဆဲ ဖြစ်ပါသတဲ့။ ပညာရှင်တွေ၊ ပြည်သူတွေရဲ့ သတိပေးချက်တွေကို ဂရုမစိုက်။ သူတို့ လုပ်ချင်ရာကို စွတ်လုပ်တတ်တဲ့ အစိုးရတွေရဲ့ လုပ်ရပ်ကတော့ ဒီလိုပါပဲ။ အစိုးရရဲ့ အကြံကြီးလိုက်ပုံက ၂၀၂၀ ပြည့်နှစ်ရောက်ရင် လာအိုနိုင်ငံမှာ မီဂါဝပ် ၂၈၀၀၀ ထုတ်လုပ်နိုင်တဲ့ လည်ပတ်နေတဲ့ စက်ရုံ ၁၀၀ လောက် ရှိနေဖို့ အလိုရှိနေခဲ့တာပါ။ တကယ်တော့ လာအိုနိုင်ငံဟာ ၁၉၉၃ ခုနှစ်ကတည်းက သူ့ရဲ့ အနောက်ဘက် အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ အကူအညီ အထောက်အပံ့ အများစုကို နှစ်ပေါင်းများစွာကတည်းက အကူအညီပြုခဲ့တဲ့ ထိုင်းနိုင်ငံကို မီဂါဝပ် ၁၅၀၀ ရောင်းချပေးဖို့ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။ သတင်းမီဒီယာတွေရဲ့ သတင်းပေးပို့ချက်တွေအရ လာအိုနိုင်ငံဟာ အခုချိန်မှာ သူ့ရဲ့ ရေအားလျှပ်စစ်ထုတ်လုပ်မှု ပမာဏရဲ့ သုံးပုံနှစ်ပုံကို နိုင်ငံခြားကို တင်ပို့ရောင်းချနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လာအိုနိုင်ငံဟာ မဲခေါင်မြစ်ရဲ့ လက်တက်တွေပေါ်မှာ ဥပမာအနေနဲ့ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီပေးမှုနဲ့ တည်ဆောက်ပြီး ၂၀၁၀ ပြည့်နှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ နမ်သီရန် ၂ ရေကာတာကြီး တည်ဆောက်နေတုန်းကတည်းက သူ့ရဲ့ ရေကာတာတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုတွေနဲ့ မြစ်ကြီးအပေါ်မှာ သက်ရောက်မှုရှိလာမှာတွေအတွက် ကန့်ကွက်သံတွေ ဖောဖောသီသီ ရရှိထားခဲ့တာပါ။ ၂၀၁၂ နှစ်တုန်းကလည်း ဇာရာဘူရီ ရေကာတာ စီမံတည်ဆောက်မှုကို သဘာဝဘေးအန္တရာယ် သက်ရောက်မှု ရှိလာနိုင်တာတွေကို စိုးရိမ်ကြတဲ့သူတွေကို ဖြေရှင်းပြောဆိုဖို့ စီမံကိန်းကို ရပ်တန့်ပေးခဲ့ရတဲ့ အဖြစ်မျိုးကိုလည်း လာအိုနိုင်ငံဟာ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ တကယ်တော့ ၂၀၁၄ ခုနှစ်မှာအထိ မဲခေါင် အောက်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တွေဟာ ကမ္ဘာ့ဆန်ထွက်ရှိမှုရဲ့ ၁၅ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ သည်အီကော်နောမစ် မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ တိုင်းပြည် ဝင်ငွေရဖို့ ဆန်ထွက်ကောင်းခဲ့တယ်လို့ ဆိုချင်တာပါ။ ပညာရှင်တွေရဲ့ အဆိုအရ လာအိုနိုင်ငံ ဒေသဟာ ဒီမြစ်ပေါ်မှာ ဘယ်လိုဆည်မျိုးတွေ ဆောက်ဆောက် တိုက်ရိုက် ထိခိုက်ပျက်စီးနိုင်တဲ့ အပင်နဲ့ တိရစ္ဆာန် မျိုးစိတ်သောင်းသိန်းချီပြီး မှီတင်းခိုလှုံရာနေရာ ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရပိုင်းဆိုင်ရာ မဲခေါင်မြစ်ကော်မရှင်ရဲ့ အစီရင်ခံစာတစောင်ရဲ့ ဖော်ပြချက်မှာ မြစ်ဝှမ်းဒေသမှာ ပြုလုပ်တဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းတွေကြောင့် ဆန်စပါးထုတ်လုပ်မှု၊ ငါးအရေအတွက်နဲ့ မြေဆီသြဇာ စီးဆင်းမှုကို ကျဆင်းစေမယ်လို့ ရေးသားထားပြီး အစားအစာ လုံခြုံမှုကို လျော့ကျစေ၊ ဆင်းရဲမွဲတေမှုအဆင့် ပိုပြီး တိုးများလာစရာ အလားအလာတွေ ရှိနေတယ်လို့လည်း ဟောကိန်းထုတ်ထားခဲ့ပါတယ်။ ပြောချင်တာကတော့ မဲခေါင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ဖို့ဆိုပြီး ဆည်တွေ တည်ဆောက်မယ်ဆိုရင် အထက်မှာ ဖော်ပြခဲ့တဲ့ ဆိုးကျိုးသက်ရောက်မှုတွေနဲ့ ကြုံတွေ့ရမယ်လို့ သတိပေးထားခဲ့ပြီးဖြစ်တယ် ဆိုတာပါပဲ။ ဒါပေမယ့် လာအိုအစိုးရကတော့ သူ့ရဲ့ ရေအားလျှပ်စစ်ဓာတ် ထုတ်ယူရောင်းချရေး စီမံကိန်းတွေကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ဝေဖန်သူတွေရဲ့ သတိပေးချက်ထဲမှာ အဲဒီဆိုးကျိုးသက်ရောက်မှုတွေအပြင် ဆည်ရဲ့ လုံခြုံစိတ်ချရမှု အပေါ်မှာလည်း စိုးရိမ်စရာရှိတဲ့အကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒီဇီပီယန် ဇီနမ်နွိုင် ဆည်ကြီးဟာ မဲခေါင်မြစ်လက်တက် တခုပေါ်မှာ တည်ဆောက်ဖို့ စီမံကိန်းချထားတဲ့ ဆည် ၅ ခုထဲမှာ တခုအဖြစ် ပါဝင်ပါတယ်။ ဆည်ကြီးကို ၂၀၁၉ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ စီမံကိန်းချထားခဲ့ပြီး လွန်ခဲ့တဲ့ တနင်္လာနေ့ (ဇူလိုင်လ ၂၃ ရက်) နေ့က ပြိုကျသွားခဲ့တဲ့ အချိန်မှာ ၉၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီလို့ ဆိုပါတယ်။ ဆည်ကြီး ပြိုပျက်သွားတဲ့ အချိန်မှာ ရေ ကုဗမီတာ သန်း ၅၀၀၀ လွတ်ထွက်စီးဆင်း ဖုံးလွှမ်းသွားတဲ့အတွက် ဆည်ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာ ၇ ရွာက ရွာသူရွာသား မိသားစုပေါင်း ၁၃၀၀၊ လူပေါင်း ၆၀၀၀ ကျော် ရေဘေးသင့်ခဲ့ရတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ရွာသူရွာသား အတော်မျာများဟာ မြင့်မားတဲ့ ရေလုံးကြီးတွေရဲ့ အားကြောင့် ရေစီးနဲ့အတူ မျောပါသွားကြတယ်လို့လည်း ဖော်ပြပါတယ်။ ၂၆ ရက်နေ့ အစိုးရထုတ်ပြန်ချက်အရ လူပေါင်း ၂၇ ယောက် သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် ဒေသခံတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ဘီဘီစီသတင်းဌာနကို ပြောကြားတာကတော့ သေဆုံးသူ အရေအတွက်ဟာ ဒီထက် အများကြီး ပိုလိမ့်မယ်လို့ ဆိုပါတယ်။ ပျောက်ဆုံးသူ ရာနဲ့ချီရှိခဲ့ပြီး အတော်များများကို ခုချိန်ထိ ရှာလို့မရသေးတဲ့ အခြေအနေ ဖြစ်နေတဲ့အတွက် သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးကြရ၊ ပျောက်ဆုံးကြရတာ မဟုတ်တဲ့အတွက် အတော်ကြေကွဲ ဝမ်းနည်းစရာ၊ ထိတ်လန့်တုန်လှုပ်စရာ အဖြစ်ဆိုးလို့ ပြောရမှာပါပဲ။ ဒီဇီပီယန် ဇီနမ်နွိုင် ဆည်ကြီးကို လာအို၊ ထိုင်းနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲ တည်ဆောက်ကြတာဖြစ်ပြီး အဓိက တွဲဖက်တည်ဆောက်တာကတော့ တောင်ကိုရီးယား အက်စ်ကေ အင်ဂျင်နီယာရင်းနဲ့ ဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်ပေးနေခဲ့တာ ဖြစ်ပါတယ်။ ဒီဆည်စီမံကိန်းဟာ ပင်မဆည်ကြီး ၂ ခုနဲ့ အရန်ဆည် ၅ ခု ပါဝင်ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ကုန်ကျခံ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ လာအိုနိုင်ငံရဲ့ ကြီးမားတဲ့ ရေအားလျှပ်စစ်ဓာတ် ထုတ်ယူရေး ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆည်ကြီးကြောင့် လာအိုပြည်သူတွေ အများကြီး အသက်ဆုံးရှုံး ထောင်သောင်းချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါပြီ။ ကျနော်တို့နိုင်ငံက စစ်အာဏာရှင် အစိုးရက တည်ဆောက်ဖို့ သဘောတူ ခွင့်ပြုခဲ့တဲ့ ပြည်သူလူထု အင်နဲ့အားနဲ့ ဆန္ဒပြ ကန့်ကွက်ခဲ့လို့ ယာယီရပ်ဆိုင်းထားတဲ့ မြစ်ဆုံဆည် စီမံကိန်းကြီးရဲ့ အခြေအနေကရော… ဘယ်လိုပါလဲ။ လာအိုနိုင်ငံကတော့ သင်ခန်းစာ ပေးသွားခဲ့ပါပြီ။      ။
3 years Ago

July 23, 2018

ပလတ်စတစ် ညစ်ညမ်းမှု လွှမ်းမိုးမှုနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာမြေ

ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းက အက်ဖ်ဘီအက်စ် သတင်းဌာနက ဖော်ပြလိုက်တဲ့ သတင်းတခုကို ဖတ်လိုက်ရပြီး သတင်းဓာတ်ပုံကို တွေ့လိုက်ရတော့ ကျနော် အတော်ထိတ်လန့် အံ့သြသွားခဲ့ရပါတယ်။ ကာရစ်ဘီယံ ပင်လယ်ပြင်ထဲက ဒီလှိုင်းကြီးတခုကို ရိုက်ထားတဲ့ သတင်းဓာတ်ပုံမှာ ပင်လယ်ရေနဲ့ ရေစက်တွေကို လုံးဝမမြင်ရဘဲ ပလတ်စတစ်ပြင်ကြီး လှိုင်းထနေတာကို တွေ့လိုက်ရတဲ့အတွက် ကမ္ဘာ့ပင်လယ်ပြင်တွေနဲ့ သမုဒ္ဒရာတွေအထိ ပလတ်စတစ် ညစ်ညမ်းမှုကြီးနဲ့ ရင်ဆိုင်နေရပြီ ဆိုတာကတော့ သေချာတယ်လို့ ပြောလို့ရပါတယ်။ ကမ္ဘာတဝှမ်းလုံးက ပြည်သူလူထုတွေ နေ့စဉ်လူမှုဘဝမှာ အသုံးပြုနေတဲ့ ပလတ်စတစ်တွေဟာ ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို အသေအချာ ခြိမ်းခြောက်လာနေပြီလို့ ပြောရင် သတင်းအချက်အလက် ပြည့်ပြည့်ဝဝ မရရှာတဲ့သူတွေ အထူးသဖြင့် မြန်မာနိုင်ငံက သာမန်ပြည်သူလူထုတွေကတော့ ကျွတ်ကျွတ်အိတ်တွေ၊ ပလတ်စတစ်ဘူးခွက်တွေက ဒီလောက်ဒုက္ခပေးနိုင်တာ ဟုတ်ရဲ့လား၊ မသုံးလို့မှမဖြစ်တာ၊ ကျွတ်ကျွတ်အိတ်မသုံးရင် ဘာသုံးမှာလဲဆိုတဲ့ အသိပညာ အားနည်းချို့ယွင်းမှုကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကတော့ မလွှဲမရှောင်သာ တွေ့ရကြားရနေအုံးမှာပါပဲ။ နိုင်ငံအစိုးရဆိုတဲ့သူတွေတောင် နိုင်ငံအနည်းအကျဉ်းကလွဲလို့ ဒီလို အန္တရာယ်ကြီးတဲ့ ညစ်ညမ်းမှုမျိုးကို အမြန်ဆုံးတားမှ၊ ရပ်မှဆိုတာမျိုးမှ မရှိတော့လည်း ဒီ ပလတ်စတစ် ညစ်ညမ်းမှုမျိုးက ခုမီးနီပြလာတဲ့ အဆင့်ထိ ရောက်လာခဲ့တာဟာ အဆန်းမဟုတ်ဘူးလို့ ပြောရမှာပါပဲ။ ဒီကိစ္စကို သဘာဝဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေ၊ ဓာတုပညာရှင်တွေက ထောက်ပြပြောဆိုခဲ့ကြတာ ကျနော်မှတ်မိသမျှ နှစ်အတော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ဘာလို့ ခု ကာရစ်ဘီယံ ပင်လယ်မှာ ဖြစ်လာခဲ့သလို အဖြစ်မျိုး ဖြစ်ခဲ့တာပါလဲ။ အရေးကြီးတဲ့ ဦးစားပေး လုပ်ဆောင်ရမယ့်ကိစ္စကို အရေးမကြီး ဦးစားမပေးသင့်တဲ့ ကိစ္စလို့ အစိုးရတွေက သဘောထားခဲ့လို့ပဲ ဖြစ်ပါတယ်။ စကားစပ်အရ မြန်မာနိုင်ငံလို နိုင်ငံမျိုးကတော့ ခုထိ အိုကေပြနေသလို ဆက်လက်ပြီး ကျွတ်ကျွတ်အိတ်တွေ၊ ပလတ်စတစ်အိတ်တွေ၊ ဘူးခွံတွေကို စည်းမဲ့ကမ်းမဲ့ ထင်သလို သုံးစွဲစွန့်ပစ်နေကြဆဲ ဖြစ်ပါတယ်။ ကျနော်တွေ့လိုက်ရတဲ့ ကာရစ်ဘီယံပင်လယ်က ဓာတ်ပုံဟာ ကမ္ဘာ့ပျက်ကိန်းကို ဟောကိန်းထုတ် ရိုက်ကူးလိုက်တဲ့ ရုပ်ရှင်တခုထဲမှာ ကာရစ်ဘီယံပင်လယ်ထဲမှာ စီးမျောနေတဲ့ အမှိုက်လှိုင်းကြီးတွေကို ရိုက်ပြထားတဲ့ မြင်ကွင်းတခုပါ။ အဲဒီ ဗွီဒီယိုရုပ်ရှင်က ဒိုမီနီကန်သမ္မတနိုင်ငံရဲ့ မြို့တော်  ဆင်တိုဒိုမင်ဂို ကမ်းရိုးတန်းမှာ ရိုက်ထားတာဖြစ်ပြီး ပလတ်စတစ်ညစ်ညမ်းမှု ဘယ်လောက်ဆိုးဆိုးဝါးဝါး ဖြစ်လာနေပြီ ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။ စိုးရိမ်ထိတ်လန့်စရာကောင်းတဲ့ ဗွီဒီယိုရုပ်ရှင်တခုပါပဲ။ ဒီဗွီဒီယိုရုပ်ရှင်ကားကို သမုဒ္ဒရာတွေအတွက် ပါလေလို့ခေါ်တဲ့ အန်ဂျီအိုက ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာကို ကမ္ဘာက အာရုံထား ဂရုပြုလာကြအောင် အွန်လိုင်းမှာတင်ပြီး ပြသခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့က ညစ်ညမ်းမှုတွေကို ဖယ်ရှားရှင်းလင်းရေးမှာ ကူညီဆောင်ရွက်နေတဲ့ အဖွဲ့တခုဖြစ်ပြီး သူတို့အဖွဲ့က ခုမှ အပေါ်ယံမျက်နှာပြင်ကို ကုတ်ခြစ်မိရုံပဲ ရှိသေးတဲ့အကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ အဖွဲ့က သူ့ရဲ့ အွန်လိုင်းစာမျက်နှာမှာ “၃ ရက် သန့်စင်ရှင်းလင်းရေး လုပ်ပြီးတဲ့အချိန်မှာ ကျနော်တို့ ပလတ်စတစ်တန်ချိန် ၃၀ ကို သိမ်းဆည်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ရမယ့်အလုပ်တွေက တပုံတပင် ရှိနေပါသေးတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ အရှေ့တောင်အာရှတခွင်က ကမ်းခြေတွေဟာ ပိတ်နေပြီး ဝေလငါးတွေကို အစာအိမ်တွေထဲမှာ ပလတ်စတစ်အပြည့်နဲ့ သေနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလဟာ ကမ္ဘာမှာ ၂၀ ရာစုတစုလုံး ထုတ်လုပ်ခဲ့တဲ့ ပလတ်စတစ်ထက် ပိုပြီး ထုတ်လုပ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ကြောက်ခမန်းလိလိ ထုတ်လုပ်ခဲ့ကြတယ်လို့ ပြောရမှာပါပဲ။ လူတွေအနေနဲ့ အဲဒီအမှိုက်တွေနဲ့ ပလတ်စတစ်တွေဟာ သမုဒ္ဒရာတွေထဲမှာ ဘယ်လိုနိဂုံးချုပ်ကြတယ်၊ ကျနော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်အတွက် ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေတယ် ဆိုတာကို သတိထားကြစေချင်တယ်လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက သတိပေးထားပါတယ်။ ကျနော်တို့ နေထိုင်ရာ ကမ္ဘာကြီးဟာ မကြာခင်အချိန်မှာ အစုလိုက်အပုံလိုက် ဖြစ်နေတဲ့ ဂီဇာဒေသမှာရှိနေတဲ့ ပိရမစ်ကြီးတွေရဲ့ ထုထက် ၂၁ ဆလောက်ရှိတဲ့ ပလတ်စတစ် အမှိုက်တွေကို ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်၊ ကိုင်တွယ်ဖြေရှင်းရင်း ပြန်လည်အသုံးချဖို့ ရှင်းလင်းတဲ့ မဟာဗျူဟာ ဆိုတာလည်း မရှိသေးဘူးလို့ ဆိုပါတယ်။ လေ့လာမှုအသစ်တခုက တရုတ်နိုင်ငံက ကမ္ဘာရဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ ပလတ်စတစ်ပမာဏရဲ့ ထက်ဝက်နီးပါးလောက်ကို လက်မခံတော့ဖို့ ဆုံးဖြတ်ချက်ဟာ ၂၀၃၀ ခုနှစ်လောက်မှာ ခန့်မှန်းခြေ မက်ထရစ်တန် ၁၁၁ သန်းလောက် နေရာယူလာလိမ့်မယ်လို့ ပြဆိုပါတယ်။ အဲဒီအတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေအဖို့ သူတို့ရဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ ပလတ်စတစ်တွေကို စုပုံထားဖို့၊ ထားစရာ ပြည်တွင်းမှာ နေရာလုပ်ဖို့ ရင်းနှီးမြှုပ်နှံဖို့ ဒါမှမဟုတ် နောက်ထပ် သွင်းကုန်တင်သွင်းဖို့ ကိုင်တွယ်စရာ အခြေခံမရှိသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို သင်္ဘောနဲ့ တင်ပို့ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိသလောက် ဖြစ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီလေ့လာမှုမှာ ပူးတွဲစာရေးသူဖြစ်တဲ့ ဂျော်ဂျီယာတက္ကသိုလ် အင်ဂျင်နီယာဌာနက တွဲဘက်ပါမောက္ခ ဂျင်နာ ဂျန်းဘက်ခ်ကတော့ “ခေတ်မီတိုးတက်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ စနစ်တခုလုံးအလိုက် ကျယ်ပြန့်တဲ့ အပြောင်းအလဲတွေ မလုပ်ဘဲနဲ့တော့ ခုလောလောဆယ် နိမ့်ပါးတဲ့ ပြန်လည်အသုံးပြုမှုနှုန်းနဲ့တောင် ကိုက်အောင်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ သူက “ကျမတို့ အရင်တုန်းက ပြန်လည်အသုံးပြုထားတဲ့ ပစ္စည်းတွေတောင် ခုတော့ စုပုံနေတဲ့ အခြေအနေ ရောက်နေပါပြီ” လို့လည်း သူက ဖြည့်စွက် ပြောဆိုခဲ့ပါသေးတယ်။ သိပ္ပံပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေကတော့ သဘာဝ ပတ်ဝန်းကျင်ထဲကနေပြီး အဲဒီ မိုက်ခရို ပလတ်စတစ်တွေကို ဖယ်ရှားရှင်းလင်းဖို့တော့ သိထားသမျှ ဘာနည်းလမ်းမှ မရှိသေးပါဘူးလို့ ပြောထားခဲ့ကြပြီး ဖြစ်ပါတယ်။ သတင်းအချက်အလက်အရ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေက သူတို့ရဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း အများစုကို တရုတ်နိုင်ငံကို ရောင်းချခဲ့တာ ဆယ်စုနှစ်ပေါင်း အတော်ကြာခဲ့ပြီလို့ ဆိုပါတယ်။ အဲဒါတွေကို တရုတ်နိုင်ငံက သင်္ဘောတင်ပို့ခတွေ ပေးချေ၊ သုံးလို့မရတော့တဲ့ ပစ္စည်းတွေကို ရွေးချယ်ဖယ်ရှားပြီး သူ့နိုင်ငံရဲ့ ကြီးမားတဲ့ ကုန်ထုတ်လုပ်ငန်းကြီးတွေမှာ လိုအပ်တာတွေ ပြန်လည်အသုံးပြုဖို့ လုပ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ လေ့လာမှုကို မှတ်တမ်းတင် ရေးသားသူတွေကတော့ တရုတ်နိုင်ငံဟာ ၁၉၉၂ ခုနှစ်ကတည်းက ပလတ်စတစ် အမှိုက်တန်ချိန် သန်းပေါင်း ၁၀၅ သန်းကို လက်ခံခဲ့ပြီးဖြစ်ပြီး အဲဒီကာလ တလျှောက်လုံးမှာ တရုတ်နိုင်ငံနဲ့ ဟောင်ကောင်နိုင်ငံဟာ ကမ္ဘာ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း ပမာဏရဲ့ ၇၂ ရာခိုင်နှုန်းကို လက်ခံခဲ့ကြတာဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဟောင်ကောင်ကျွန်းရဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေဟာ တရုတ်နိုင်ငံမှာပဲ နိဂုံးချုပ်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်က အဲဒီ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုများ သူ့နိုင်ငံအတွက် အကျိုးရှိအောင် ပြန်လည်အသုံးပြုခဲ့ပါသလဲ။ ပြန်လည်အသုံးပြုလို့ မရနိုင်တော့တဲ့ ပစ္စည်းတွေကို ဘယ်လိုများ စွန့်ပစ်နိုင်ခဲ့ပါသလဲ ဆိုတာကတော့ ဒီကနေ့ ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း ပြဿနာအတွက် အရေးကြီးတဲ့ အဖြေတခု ရနိုင်မယ်ထင်ပါတယ်။ ဒါပေမယ့် ပလတ်စတစ်ပစ္စည်းတွေကို ဘယ်ကိုမှ စွန့်ပစ်ပေးပို့လို့ မရတဲ့ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ကတော့ အစိုးရအဖွဲ့ ခေါင်းရှိမယ်ဆိုရင် မလွဲမသွေ စဉ်းစားရတော့မယ့် အန္တရာယ်တခု ဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။     ။
3 years Ago
More News
Up