စီးပွားကူးသန်း ဒုဝန်ကြီး

June 25, 2020

တရုတ်နယ်စပ်ကုန်သွယ်ရေး လျှော့ချလိုဟု စီးပွားကူးသန်း ဒုဝန်ကြီးပြော

တရုတ်နိုင်ငံရဲ့ တင်းကျပ်လာတဲ့ နယ်စပ်ဖြတ်ကျော်စည်းမျဉ်း၊ စည်းကမ်းတွေကြောင့် နယ်စပ်ကုန်သွယ်မှုအပိုင်းကို လျှော့ချလိုလာတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးမှာ  နယ်စပ်ကုန်သွယ်မှုဟာ အဓိကကျပြီး အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုက အများစုဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံမှာ စတင်ဖြစ်ပွားချိန်ကတည်းကစပြီး တရုတ်နိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် စည်းမျဉ်းစည်းကမ်းတွေ ကို ပိုမိုတင်းကျပ်လာခဲ့တာဖြစ်ပါတယ်။ စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးအောင်ထူးက " အရင်တုန်းက တရုတ်နဲ့တော့ သိပ်ပြဿနာ မရှိလှပါဘူး။ ဒါပေမဲ့ ကိုဗစ်ဖြစ်တဲ့အခါမှာ ပြဿနာစပြီးဖြစ်ပါတယ်။ ပထမပိုင်းမှာ ကျနော်တို့မှာ ရောဂါသိပ်ပြီးမတွေ့သေးတဲ့အချိန်မှာ တရုတ်ဘက်က သိပ်ပြီး ကန့်သတ်ချက်တွေမလုပ်ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျနော်တို့ဘက်‌ ရောဂါဖြစ်တယ်လို့ သိတဲ့အခါကျတော့ ယူနန်ပြည်နယ်ကလည်းသူတို့ဆီမှာ ရောဂါကင်းစင်တဲ့နေရာတစ်ခုအဖြစ်သူတို့ဆီမှာ သူတို့ဘာသူတို့ သတ်မှတ်ထားတာဖြစ်ပါတယ်။အဲ့ဒီတော့ သူတို့က ဒီရောဂါကို ပြန့်လာမှာ ကြောက်တဲ့အခါကျတော့ နယ်စပ်ဖြတ်ကျော်မှုတွေကို တော်တော်လေးတင်းတင်းကျပ်ကျပ် ပြုလုပ်လာပါတယ်" လို့ ဇွန်လ ၂၄ ရက်က ပြုလုပ်တဲ့ အစိုးရသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တရုတ်ဘက်က တင်းကျပ်လာတဲ့ နယ်စပ်ကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းတွေကြောင့် မြန်မာအနေနဲ့ နယ်စပ်ကုန်သွယ်မှုကို လျှော့ချပြီး အခြားလမ်းကြောင်းတွေဘက်ကို ပိုမိုအားထည့်လုပ်ဆောင်ဖို့ ပြင်ဆင်လာတာပါ။ "ကျနော်တို့အနေနဲ့ အမှန်အတိုင်းပြောရင်တော့ နယ်စပ်ကုန်သွယ်မှုကို အားကိုးနေတဲ့ အပိုင်းကို နည်းနည်းလေးလျှော့ချခြင်တဲ့ သဘောလေးရှိပါတယ်။ ဒီနှစ်မှာဆိုရင်တော့ ကျနော်တို့ ပြောင်းဖူးတင်ပို့မှုအပိုင်းမှာ တရုတ်ဘက်ကနေ ထိုင်းဘက်ကို ရောက်သွားရတဲ့သဘောမျိုးလေးတွေ ရှိပါတယ်။ ဆိုလိုတဲ့သဘောကတော့ ကျနော်တို့ တရုတ်ဘက်ကိုလည်း ပြောပါတယ်။ မင်းတို့ဘက်က ဖြေလျှော့မလား၊ မဖြေလျှော့ဘူးလား။ မင်းတို့မဖြေလျှော့ရင်တော့ ငါတို့အနေနဲ့လည်း ကုန်သွယ်မှုကို တခြားနေရာကို ပြောင်းရလိမ့်မယ်ဆိုပြီး သူတို့နဲ့ ဆွေးနွေးထားတာ ရှိပါတယ်။ " လို့ ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုမှာ နယ်စပ်ကုန်သွယ်မှုနဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုဆိုပြီး နှစ်မျိုးရှိရာမှာ နယ်စပ်ကုန်သွယ်မှုကတော့ အဓိကအားဖြင့် တရုတ်နိုင်ငံနဲ့ ကူးသန်းရောင်းဝယ်တာ ဖြစ်ပါတယ်။ ၂၀၁၈-၁၉ ကစတင်ပြီး နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းကို လျှော့ချပြီး ပင်လယ်ရေကြောင်းကတဆင့် ကုန်သွယ်မှုကို တိုးမြင့်လာခဲ့တယ်ဆိုပေမယ့် အခုနှစ်အတွင်း ဇွန်လအထိကို နယ်စပ်ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၇၀၀၀ ကျော်ရှိ တယ်လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
11 months Ago
Up