စီးပွားရေးသမား

December 23, 2018

အီရန်နိုင်ငံတွင် လာဘ်ထိုးမှုဖြင့် စီးပွားရေးသမား တယောက်ကို သေဒဏ်ချမှတ်

အီရန်နိုင်ငံအတွင်း စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုတွေကို တိုက်ဖျက်ရေး အမြန်စစ်ဆေးတဲ့ တရားရုံးက စီးပွားရေးသမား တယောက်ကို ဒီဇင်ဘာ ၂၂ ရက်က သေဒဏ် စီရင်လိုက်ပါတယ်။ ဟာမီဒရေဇာ ဘာကေရီ ဒါမာနီကို လာဘ်ထိုးမှု လိမ်လည်မှုတွေ အပါအဝင်  “အဂတိလိုက်စားမှုတွေကို ဖြန့်ဖြူးမှု” နဲ့ စွဲချက်တွေအတွက် အစ္စလာမစ် ဥပဒေတွေအရ စီရင်ချက် ချလိုက်တာလို့ အစိုးရရုပ်သံက ပြောပါတယ်။ သူ့အတွက် သေဒဏ်ကို တရားရုံးချုပ်က ဒီလထဲမှာ အတည်ပြုခဲ့ပါတယ်။ အီရန်မှာ အမြတ်ကြီးစားမှုနဲ့ အဂတိလိုက်စားမှုကို ဆန့်ကျင်ပြီး အုတ်အော်သောင်းတင်း ကန့်ကွက်ခဲ့ကြအပြီး ဒါဇင်နဲ့ချီတဲ့ လူတွေကို ဖမ်းဆီး ထောင်ချခဲ့ပြီးပါပြီ။ အမေရိကန်က အီရန်အပေါ် စီးပွားရေးဒဏ်ခတ်မှု ပြန်ကျင့်သုံးအပြီးမှာ နိုင်ငံခြား ရန်သူတွေရဲ့ စီးပွားရေးစစ်ပွဲကို ခုခံဖို့ မြန်ဆန်မျှတမှု ရှိရှိ အရေးယူနိုင်ရေး အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေးနီက ဆော်သြခဲ့ပါတယ်။ အဲဒီနောက် သြဂုတ်လမှာ အစ္စလာမစ်တော်လှန်ရေး တရားရုံးသစ်တွေကို တည်ထောင်ခဲ့ပါတယ်။ ဒီတရားရုံးက ဆုံးဖြတ်ချက်တွေဟာ သေဒဏ်ကလွဲလို့ တခြားစီရင်ချက်တွေအတွက် အယူခံမဝင်နိုင်ပါဘူး။
3 years Ago

August 14, 2015

စီးပွားရေးသမား ၆၅၂၇ ဦးကို တောင်ကိုရီးယား လွတ်ငြိမ်းချမ်းသာခွင့်ပေး

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက သြဂုတ် ၁၃ ရက်နေ့မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးအတွင်း နိုင်ငံရဲ့ တတိယအကြီးဆုံး ကော်ပိုရေးရှင်းကြီးဖြစ်တဲ့ SK အုပ်စုရဲ့ ဥက္ကဋ္ဌ အပါအဝင် စီးပွားရေးသမား ၆၅၂၇ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ စီးပွားရေး ပြန်နာလံထူ ခေါင်းထောင်နိုင်ရေးအတွက် တောင်ကိုရီးယား အစိုးရရဲ့ အားထုတ်မှုပါ။ ကိုရီးယားကျွန်းဆွယ် ဂျပန်ကိုလိုနီလက်အောက်က လွတ်မြောက်တဲ့ နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေနဲ့ တိုင်းပြည် ဟန်ချက်ညီရေးနဲ့ စီးပွားရေး တိုးမြှင့်ဖို့ အထူး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သမ္မတက အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။ "စီးပွားရေး ပြန်လည်နာလန်ထူရေးနဲ့ အလုပ်အကိုင် ဖန်တီးရေးတို့လို ကျမတို့ ရင်ဆိုင်နေရတဲ့ အလုပ်တွေအတွက် ဆောက်လုပ်ရေး၊ ကွန်ပျူတာဆော့ဖ်ဝဲနဲ့ တခြားလုပ်ငန်းတွေနဲ့ ပတ်သက်နေတဲ့ စီးပွားရေးသမားတွေပါ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပါတယ်။" တောင်ကိုရီးယား စီးပွားရေးခေါင်းဆောင်တွေထဲက တယောက်ဖြစ်တဲ့ SK အုပ်စုရဲ့ ဥက္ကဋ္ဌဟာ အလွဲသုံးစားမှုအတွက် ၄ နှစ် ထောင်ဒဏ်ကျခံနေရပြီး ၂၀၁၃ ဇန်နဝါရီတည်းက ထောင်ကျနေခဲ့တာပါ။ SK အုပ်စု ပြောခွင့်ရကတော့ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာဟာ စီမံခန့်ခွဲရေး ဟာကွက်ကို ဖြေရှင်းပေးမှာဖြစ်ပြီး စီးပွားရေး နုပျိုသစ်လွင်ဖို့ အားထုတ်မှုတွေကို အာရုံစိုက်ရာမှာ အကူအညီ ဖြစ်လာမယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားဟာ စီးပွားရေးလုပ်ငန်းစုတွေရဲ့ ပြစ်ဒဏ်ကျ လုပ်ငန်းပိုင်ရှင်ကြီးတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ဒါမှမဟုတ် ပြစ်ဒဏ်ဆိုင်းငံ့တဲ့ သမိုင်းရှည်ကြီး ရှိပါတယ်။ ဆမ်ဆောင်း၊ ဟွန်ဒိုင်း၊ SK နဲ့ ဟန်းဟွာ ကော်ပိုရေးရှင်း လုပ်ငန်းစုတွေရဲ့ လုပ်ငန်းရှင် သူဌေးကြီးတွေဟာ ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ချခံရပေမယ့် ပြစ်ဒဏ်ဆိုင်းငံ့ခံရပြီး နောက်ပိုင်းမှာတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ရခဲ့ကြပါတယ်။
6 years Ago
Up