စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး

June 25, 2015

ထိုင်ဝမ်တွင် မြန်မာကုန်သွယ်ရေးရုံး ဖွင့်လှစ်

နှစ်နိုင်ငံ ကုန်သွယ်ရေး မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့  မြန်မာနိုင်ငံ ကုန်သွယ်ရေးရုံးကို ထိုင်ဝမ်မှာ ဖွင့်လှစ်လိုက်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံကုန်သွယ်ရေးရုံးကို ဇွန်လ ၂၂ ရက်နေ့က တိုင်ပေမှာ ဖွင့်လှစ်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးသက်လွင်ဦးက ဦးဆောင်ဖွင့်လှစ်ခဲ့တာလို့ ဇွန် ၂၄ ရက်နေ့ ထုတ်ပြန်တဲ့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာပါ။ ခုလိုဖွင့်လှစ်လိုက်တဲ့အတွက် နှစ်နိုင်ငံ ဆက်သွယ်မှုမှာ အကျိုးရှိရှိ ဖွံ့ဖြိုးတိုးတက်လာအောင် နီးနီးကပ်ကပ် လုပ်ဆောင်နိုင်မယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံကုန်သွယ်ရေးရုံးဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးမြှင့်တင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေး ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ ကဏ္ဍတွေမှာ လုပ်ဆောင်သွားမယ်လို့ ၀န်ကြီးဌာနကပြောပါတယ်။ လူဦးရေ ၅၁ သန်းရှိတဲ့ အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ထိုင်ဝမ်နိုင်ငံနဲ့ တရားဝင် သံတမန်ဆက်ဆံရေးမျိုး မရှိခဲ့ဖူးဘူးလို့ ထိုင်ဝမ်အခြေစိုက် ဖိုးကပ်စ်ထိုင်ဝမ် သတင်းဌာနက ဆိုပါတယ်။ မြန်မာအစိုးရဟာ မကြာသေးခင်နှစ်တွေက ထိုင်ဝမ်နဲ့ ကုန်သွယ်မှု ထိန်းချုပ်ကန့်သတ်မှုတွေကို ဖြေလျှော့ပြီးနောက်ပိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၂၀၁၃ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၂၈၁ မီလီယံရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်မှာ ၃၂၈ မီလီယံထိ ရှိလာတဲ့အတွက် ၂၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာတယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုဖွင့်လှစ်လိုက်တဲ့ မြန်မာကုန်သွယ်မှုရုံးသစ်နောက်မှာ နှစ်နိုင်ငံ ဆက်သွယ်ချည်နှောင်မှု ပိုမိုရရှိလာမယ်လို့ မျှော်လင့်နေတာပါ။ မြန်မာကုန်သွယ်ရေးရုံးဟာ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုနဲ့ ပူးဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းတွေမှာ အတူဆောင်ရွက်နိုင်မယ်လို့လည်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။ တိုင်ပေအခြေစိုက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့ (ထိုင်ဝမ် အိုင်စီဒီအက်ဖ်) ဟာ ၂၀၁၄ ခုနှစ် ဧပြီလက မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရုံးခန်းဖွင့်လှစ်ခဲ့ပါတယ်။
6 years Ago

June 22, 2015

ဒေသတွင်း ၄ နိုင်ငံ ထိပ်သီးအစည်းအဝေး မြန်မာအိမ်ရှင်အဖြစ် လက်ခံကျင်းပ

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်  CLMV အဖွဲ့ဝင် ၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒီကနေ့  ဇွန်လ ၂၂ ရက်နေ့မနက်က နေပြည်တော်မှာ တွေ့ဆုံပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စတွေ  ညှိနှိုင်းဆွေးနွေးပါတယ်။ ဒီမနက် ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ၄ နိုင်ငံအကြား စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာ နိုင်ငံခြားရေးဌာနက  ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သဘာပတိအဖြစ် ဦးဆောင်ကျင်းပပြီး [caption id="attachment_99036" align="alignright" width="450"]ဓာတ်ပုံ - MOI ၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။ (ဓာတ်ပုံ - MOI)[/caption] ၄ နိုင်ငံက ခေါင်းဆောင်တွေ ပါဝင်တက်ရောက်ဆွေးနွေးဖို့ ရှိနေတဲ့ CLMV ထိပ်သီးအစည်းအဝေး အစီအစဉ်နဲ့  ထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်မယ့် ပူးတွဲ ကြေညာချက် မူကြမ်းကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံဟာ CLMV ၄ နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ထိပ်သီး အစည်းအဝေးနဲ့ ထိုင်းနိုင်ငံပါဝင်တဲ့ ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ၅ နိုင်ငံ ထိပ်သီး အစည်းအဝေးတွေကို ဇွန်လ ၂၂ ရက်ကနေ ၂၃ ရက်အထိ နေပြည်တော်မှာ  အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေတာပါ။ အလားတူ ထိုင်းနိုင်ငံပါဝင်တဲ့ ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးအကြို ၅ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ညှိနှိုင်း အစည်းဝေးပွဲကိုလည်း ဒီကနေ့မနက်က နေပြည်တော်မှာ ကျင်းပပါတယ်။ ဒီအစည်းအဝေးမှာတော့ တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒု-၀န်ကြီးတွေက ထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်ဖို့ရှိတဲ့ နေပြည်တော် ကြေညာစာတမ်းနဲ့ ၂၀၁၆ ကနေ ၂၀၁၈ အထိ ဆောင်ရွက်ဖို့ရှိတဲ့ ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ရှေ့လုပ်ငန်းစဉ်ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန သီးခြားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ထိပ်သီးအစည်းအဝေးနဲ့အတူ အဖွဲ့ဝင် နိုင်ငံ ၅ နိုင်ငံက ကုန်သည်စက်မှုလက်မှု လုပ်ငန်းရှင် အသင်းတွေ ပါဝင်တဲ့ စီးပွားရေး ဖိုရမ်ကိုလည်း နေပြည်တော်မှာ ကျင်းပဖို့ရှိပြီး  ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေ ချောမွေ့စေရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်းတွေ အပါအ၀င် ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနေပါတယ်။
6 years Ago
Up