စီးပွားရေးပိတ်ဆို့မှုများ မြောက်ရီးယား ထပ်ကြုံရမည်ဟု တောင်ကိုရီးယားပြော

September 15, 2017

စီးပွားရေးပိတ်ဆို့မှုများ မြောက်ရီးယား ထပ်ကြုံရမည်ဟု တောင်ကိုရီးယားပြော

ဂျပန်နိုင်ငံကိုကျော်ပြီး ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့တဲ့ မြောက်ကိုရီးယားဟာ စီးပွားရေး၊ သံတမန်ရေး ပိတ်ဆို့ခံရမှုတွေနဲ့ ထပ်မံကြုံတွေ့ရမယ်လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောကြားသွားပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက တုံ့ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “မြောက်ကိုရီးယားဟာ နောက်ထပ်ဒုံးကျည်ပစ်ခတ်ပြန်ပါပြီ။ အခုလို ဆက်တိုက်ရန်စမှုတွေ လုပ်နေတာဟာ ကိုရီးယားကျွန်းဆွယ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တည်ငြိမ် ငြိမ်းချမ်းမှုကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေတာဖြစ်တယ်။ ဒီတော့ ကျနော်တို့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကို အလွန်စိတ်ပျက်ရသလို ပြင်းပြင်းထန်ထန်လည်း ရှုတ်ချပါတယ်” လို့  ပြောကြားသွားတာပါ။ “မြောက်ကိုရီးယားအနေနဲ့ နိုင်ငံကျဆင်းမယ့် လမ်းကြောင်းထဲကို ဝင်ရောက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်သင့်တယ်။ စဉ်းစားဆင်ခြင်မဲ့ ရန်စမှုတွေကို အကြိမ်ရေတိုးပြီး လုပ်နေသမျှ၊ အင်အားပြင်းအောင် လုပ်နေသမျှ သံတမန်ရေး၊ စီးပွားရေးအရ အထီးကျန်နေပြီး နိုင်ငံပဲ ကျဆင်းနေမှာပါ။” မြောက်ကိုရီးယားဟာ စက်တင်ဘာ ၁၅ ရက်က ဒုံးကျည်စမ်းသပ်မှု ထပ်မံပြုလုပ်ခဲ့ရာ ပစိဖိတ်သမုဒ္ဒရာထဲက ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်းရဲ့ အရှေ့ဘက် မိုင် ၁၂၄၀ အကွာအဝေးထိ ရောက်ရှိခဲ့ပါတယ်။ “သမ္မတက တာဝန်ရှိသူတွေကို အမိန့်ထုတ်ထားပါတယ်။ မြောက်ကိုရီးယားရဲ့ နောက်ထပ်တိုက်ခိုက်လာဖွယ်ရှိတဲ့ နျူကလီးယားပေါက်ကွဲမှုကြောင့်ဖြစ်တဲ့ အီလက်ထရိုမက်ကနက်တစ် သတ္တိကြွမှုနဲ့ ဇီဝဓာတု လက်နက်နဲ့ တိုက်ခိုက်မှုတွေကို အသေအချာ သုံးသပ်လေ့လာပြီး ပြင်ဆင်ထားဖို့ အမိန့်ထုတ်ထားပါတယ်” လို့ တောင်ကိုရီးယားသမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ပတ်ဆူဟွန်းက ပြောကြားသွားပါတယ်။
4 years Ago
Up