စီးပွားရေးစင်္ကြန်

December 27, 2017

တရုတ်-ပါကစ္စတန်ကြား တည်ဆောက်နေသည့် စီးပွားရေးစင်္ကြန် အာဖဂန်အထိတိုးချဲ့ရန် စဉ်းစားမည်

တရုတ်အစိုးရရဲ့ လမ်းတလမ်း၊ နယ်တနယ်စီမံကိန်း (Belt and Road) အစိတ်အပိုင်းအဖြစ် တရုတ်-ပါကစ္စတန်ကြား အမေရိကန်ဒေါ်လာ ၅၇ ဘီလီယံပမာဏရှိတဲ့ စီးပွားရေးစင်္ကြန် တည်ဆောက်နေမှုကို အာဖဂန်နစ္စတန်နိုင်ငံဘက်အထိ တိုးချဲ့ဖို့ စဉ်းစားသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောပါတယ်။ တရုတ်နဲ့ အရှေ့တောင်အာရှ၊ ဗဟိုအာရှနိုင်ငံတွေကို ချိတ်ဆက်မယ့် ခေတ်သစ်ပိုးလမ်းမ၊ တရုတ်နဲ့ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသကို ပင်လယ်လမ်းကြောင်းကနေ ချိတ်ဆက်မယ့် လမ်းတလမ်း၊ နယ်တနယ် စီမံကိန်းကို တရုတ်က တည်ဆောက်နေတာပါ။ အဲဒီစီမံကိန်းရဲ့ အစိတ်အပိုင်းအဖြစ် တရုတ်နဲ့ ပါကစ္စတန်တို့ဟာ အမေရိကန်ဒေါ်လာ ၅၇ ဘီလီယံ ပမာဏရှိတဲ့ စီးပွားရေးစင်္ကြန်ကို တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက “တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ အာဖဂန်နစ္စတန်နိုင်ငံကိုပါ ထည့်သွင်းစဉ်းစားလိုပါတယ်။ ဒီလိုစဉ်းစားတာက အခြေခံ နှစ်ဘက်အကျိုးရှိမယ့်မူအရ စဉ်းစားတာဖြစ်ပါတယ်။ လက်ရှိ ရှိထားတဲ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်ကို အာဖဂန်နစ္စတန်ထိ တိုးချဲ့ဖို့ သင့်တော်တဲ့နည်းလမ်းတွေ သုံးဖို့ကိုလည်း ဆွေးနွေးလိုပါတယ်” လို့ ပြောပါတယ်။ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ခါဝါဂျာအဇစ်ကလည်း “CPEC လို့ခေါ်တဲ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်စီမံကိန်းကို အောင်မြင်အောင် အကောင်အထည် ဖော်လိုက်နိုင်တာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေးစီမံချက်တွေ လုပ်ခြင်းကတဆင့် ဆက်သွယ်ဆက်ဆံရေး မြှင့်တင်နိုင်မယ့်၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်မယ့် စံပြပုံစံ ဖြစ်လာပါလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံတွေဆိုရာမှာ အာဖဂန်နစ္စတန်လို၊ အီရန်လို၊ ဗဟိုအာရှ၊ အာရှအနောက်ပိုင်းလို နိုင်ငံတွေ အပါအဝင်ဖြစ်ပါတယ်” လို့ ပြောကြားသွားပါတယ်။ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေဟာ ၁၉၄၇ ခုနှစ် ပါကစ္စတန် လွတ်လပ်ရေးရစဉ် အချိန်ကစပြီး ဆက်ဆံရေး မပြေမလည်ဖြစ်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း အာဖဂန်နစ္စတန်မှာရှိတဲ့ တာလီဘန် အကြမ်းဖက်သမားတွေကို ပါကစ္စတန်က ထောက်ပံ့ပေးနေတယ်ဆိုပြီး အာဖဂန်နစ္စတန်က စွပ်စွဲပြောကြားထားပြီး နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်ခဲ့ရပါတယ်။ ပါကစ္စတန်နိုင်ငံကလည်း အာဖဂန်နစ္စတန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး အာဖဂန်နစ္စတန် တည်ငြိမ်ရေးကိုသာ လိုလားတယ်လို့ ပြောကြားထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up