စီးပွားရေးစွမ်းပကား

June 8, 2018

အမျိုးသမီးများ၏ စီးပွားရေးစွမ်းပကား တိုးမြှင့်ရေး G-7 ခေါင်းဆောင်များကို ဆန္ဒပြတိုက်တွန်း

ကနေဒါနိုင်ငံ၊ ခေးဘတ်မြို့မှာ ကျင်းပမယ့် G-7 ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်  အမျိုးသမီးတွေရဲ့ စီးပွားရေးစွမ်းပကား တိုးမြှင့်ရေး G-7 ခေါင်းဆောင်တွေကို တိုက်တွန်းတဲ့ ဆန္ဒပြပွဲကို ခေးဘတ်အခြေစိုက် Oxfam အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတဲ့ Oxfam အဖွဲ့ဟာ ဖန်မျှင်ထည်နဲ့လုပ်ထားတဲ့ G-7 ခေါင်းဆောင်တွေရဲ့ ခေါင်းပုံစံတူ အရုပ်တွေကိုသုံးပြီး  အမျိုးသမီးတွေရဲ့ စီးပွားရေးဆိုင်ရာ စွမ်းပကားအရေး G-7 နိုင်ငံတွေက ခေါင်းဆောင်တွေ သတိထားမိလာစေဖို့ ကြိုးပမ်းခဲ့ပါတယ်။ G-7 စက်မှုနိုင်ငံတွေက ခေါင်းဆောင်တွေ ကနေဒါနိုင်ငံ၊ ခေးဘတ်မြို့မှာ တွေ့ဆုံတဲ့အခါ အမျိုးသမီးတွေ တန်းတူညီမျှမှုရှိရေး ဆွေးနွေးဖို့ ခေါင်းဆောင်တွေကို Oxfam အဖွဲ့က တိုက်တွန်းနေတာပါ။ ကမ္ဘာတဝှမ်းက အမျိုးသမီးတွေဟာ ငွေကြေးမရတဲ့ အိမ်မှုကိစ္စဝန်တွေပဲ ပိနေတယ်လို့ ခေးဘတ်-Oxfam အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒန်နီး ဘနက်စ်က ပြောပါတယ်။ “ဒီလိုလုပ်နေတာက စီးပွားရေးထဲစီးဝင်မယ့် ငွေကြေးအရ ဒေါ်လာ ၁ ထရီလီယံလောက်နီးပါး ရှိပါတယ်။ ဒါ စီးပွားရေးကဏ္ဍအတွက် တကယ့်ကို ကြီးမားတဲ့ ပမာဏဖြစ်ပေမယ့် အမေ့ခံဖြစ်နေတယ်။ ကျမတို့ဝတ်နေတဲ့ အဝတ်အစားတွေဟာ တနေ့ကို ၁၈ နာရီလောက်လုပ်ရတဲ့ အမျိုးသမီး လုပ်သားတွေဆီက လာတာပါ။ သူတို့ရတဲ့ လုပ်အားခကလည်း ကလေးတွေကိုတောင် ကျောင်းထားဖို့ မလောက်ငပါဘူး။ ကျောင်းထားမယ်ဆိုရင်လည်း မိန်းကလေးထက် ယောက်ျားလေးတွေကို ဦးစားပေးပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေဟာ စီးပွားရေးမှာ မညီမျှမှုဒဏ် ၂ ဆခံနေရပါတယ်။ သူတို့က ဆင်းရဲရုံတင် မကပါဘူး။ ဒါကြောင့် ကျမတို့ ကနေဒါမှာတင်မက G-7 နိုင်ငံတွေမှာပါ ပြည်သူ့မူဝါဒတွေ ဖော်ဆောင်ဖို့ ခေါင်းဆောင်တွေကို တိုက်တွန်းချင်ပါတယ်” လို့ သူကပြောပါတယ်။ "ကမ္ဘာတဝှမ်းက အမျိုးသမီးတွေဟာ ငွေကြေးမဝင်တဲ့ အိမ်မှုကိစ္စတွေကို အမျိုးသားတွေထက် ၂ ဆကနေ ၁၀ ဆအထိ လုပ်နေရတယ်။ ဒါကပဲ အများနည်းတူ လစာရရေးလုပ်ရာမှာ သူတို့ကို အဟန့်အတား ဖြစ်နေစေတာ။ ဒါ့ပြင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့၊ နိုင်ငံရေးမှာပါဝင်ဖို့၊ မီဒီယာမှာပါဝင်ဖို့ ခက်စေသလို သူတို့ဘဝအတွက်လည်း မကောင်းဘူးလေ” လို့ Oxfam က ကျားမတန်းတူညီမျှရေး အကြံပေး ရိုဝမ်ဟာဗေးက ပြောပါတယ်။ ခေးဘတ်မှာကျင်းပမယ့် G-7 ထိပ်သီးဆွေးနွေးပွဲကို ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒေါက ဦးဆောင်ကျင်းပမှာပါ။ G-7 စက်မှုနိုင်ငံတွေထဲမှာ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန်၊ အီတလီနဲ့ ကနေဒါနိုင်ငံတို့ ပါဝင်ပါတယ်။
3 years Ago
Up