စီးပွားကူးသန်းဝန်ကြီး

April 11, 2016

မြန်မာ့ဆန် ပြည်ပတင်ပို့နိုင်ရေး စီးပွားကူးသန်း ၀န်ကြီးသစ်ကို တိုက်တွန်း

တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့က အစိုးရအဖွဲ့နဲ့ မြန်မာအစိုးရ အဖွဲ့တို့အကြား နှစ်ဘက် သဘောတူလက်မှတ်ရေးထိုးပြီး မြန်မာ့ဆန်တွေ တင်ပို့နိုင်ဖို့ စီးပွားကူးသန်း ၀န်ကြီးသစ်ကို တိုက်တွန်းထားတဲ့အကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။ အဲဒီနိုင်ငံတွေကို ပင်လယ်ရေကြောင်းကတဆင့် မြန်မာ့ဆန်တွေ တင်ပို့တဲ့နေရာမှာ အခွန်သက်သာခွင့် ရရှိဖို့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ အချင်းချင်းအကြားမှာ နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးထားရှိဖို့ လိုပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးသစ်နဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာဝန်ရှိတဲ့သူတွေ နေပြည်တော်မှာ တွေ့ဆုံစဉ် အစိုးရအချင်းချင်း နှစ်ဘက် သဘောတူလက်မှတ် ရေးထိုးနိုင်ဖို့အတွက် တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ ဆန်စပါးအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ “ဒီနိုင်ငံတွေကတော့ အစိုးရအချင်းချင်း ပြောဆိုပြီးတော့မှ G to G ထိုးပေးနိုင်ရင်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဆန်စပါးဈေးကွက် ရရှိမှာဖြစ်တယ်။ ကျနော်တို့ လက်ရှိရေးဆွဲထားတဲ့ အမျိုးသားပုဂ္ဂိုလ်မဟာဗျူဟာမှာ ဆန်စပါးဆိုတာ အဓိကပါတယ်။ Target အနေနဲ့ ၂၀၂၀ ခုနှစ်မှာ တန်ချိန် ၄ သန်းထိ ပြည်ပတင်ပို့နိုင်အောင် ကြိုးစားမယ်ဆိုတာ ပါတဲ့အတွက်ကြောင့်မို့ G to G ထိုးပေးဖို့အတွက်ကလည်း ပထမဆုံး လမ်းစဉ်တခုအနေနဲ့ အရေးအကြီးဆုံး ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကို အစိုးရကို တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး အနေနဲ့လည်း ဆောင်ရွက်ပေးဖို့ ရှိတဲ့အနေအထားမှာ ရှိပါတယ်။ ဒါကတော့ လက်ရှိအခြေအနေပေါ့နော်။” လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ အဓိက ဆန် Export ဈေးကွက်ဖြစ်တဲ့ တရုတ်ဈေးကွက်က အဖမ်းအဆီးရှိလာလို့ မြန်မာ့ဆန်တင်ပို့မှုက လျော့ကျမှု ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။ “အစိုးရသစ် မတက်ခင်ပေါ့နော်။ နှစ်ပတ်သုံးပတ်လောက်ကစပြီး တရုတ်ဘက်ကနေပြီးတော့မှ သူတို့ဆီကို မြန်မာနယ်စပ်က ၀င်လာတဲ့ ဆန်နဲ့ ပြောင်းတွေကို ကျနော်တို့က အဖမ်းအဆီး များတယ်ပေါ့နော်။ များတဲ့အတွက်ကြောင့်မို့ တရုတ်နိုင်ငံကို တင်ပို့မှုက လျော့ကျသွားတယ်ပေါ့နော်။ အရင်တုန်းက အိတ် ထောင်နဲ့သောင်းနဲ့ချီပြီး ပို့နေရာက ရာဂဏန်းလောက်ပဲ အခြေအနေ ရှိသွားတော့တယ်။ တင်ပို့မှုလျော့ကျသွားတဲ့ အပိုင်းကို ကျနော်တို့မြင်ပါတယ်။” ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က ပြည်ပကို မြန်မာ့ဆန်တင်ပို့မှုက ၁ သန်းခွဲကျော် တင်ပို့မှုရှိခဲ့တဲ့အနက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာတော့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ပြည်ပဆန်တင်ပို့မှုကို ၁ လခွဲ ယာယီရပ်ဆိုင်းခဲ့ရတဲ့အတွက် ဆန်တင်ပို့မှုက တန်ချိန် ၂ သိန်းကျော် လျော့ကျမှု ရှိခဲ့ပါတယ်။
6 years Ago

December 2, 2015

မြောင်းဆီများ ရောနှောရောင်းချမှု အရေးယူရန် စီးပွားကူးသန်းဝန်ကြီး ညွှန်ကြား

ပြည်တွင်းဈေးကွက်မှာ မသန့်ရှင်းတဲ့ စားသုံးဆီတွေကို  ပြန်လည်သန့်စင်ပြီး စားအုန်းဆီနဲ့ ရောနှောရောင်းချနေတာတွေကို ထိထိရောက်ရောက် အရေးယူဖို့ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ညွှန်ကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့က နေပြည်တော် စီးပွားကူးသန်း ၀န်ကြီးဌာနရုံးမှာကျင်းပတဲ့ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီရဲ့ အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။ “ယခုရက်ပိုင်းအတွင်း စက်မှုလုပ်ငန်းတွေမှာ အသုံးပြုပြီး မြောင်းဆီလို့ လူသိများတဲ့ မသန့်စင်သော ဆီတွေကို ပြန်လည်သန့်စင်ကာ စားအုန်းဆီဖြင့် ရောနှောရောင်းချနေသည့် သတင်းများ ရှိနေကြောင်း၊ အများပြည်သူကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် ကိစ္စဖြစ်လို့  ထိထိရောက်ရောက် အရေးယူဖို့ ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားသွားပါတယ်။ စားသုံးရန်မသင့်သည့်ဆီတွေ နိုင်ငံတွင်း လက်ရှိ ၀င်ရောက်လာမှု အရင်ကထက်စာရင် နည်းပါးသွားပြီလို့ မန္တလေးတိုင်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ  ဦးကိုကိုကြီးက ဒီဗွီဘီကို ပြောပါတယ်။ “ခုတော့ အဲဒီကိစ္စတွေက စီးပွားကူးသန်း ၀န်ကြီးဌာနနဲ့ ပူးပေါင်းပြီး ထိန်းလိုက်တော့ တော်တော်လေးတော့ ငြိမ်သွားပြီ၊ လွန်ခဲ့တဲ့ ၃ နှစ် ၄ နှစ်လောက်က ပြဿ     နာ ဖြစ်ခဲ့တာပေါ့လေ။ တရုတ်ဘက်နေပြီးတော့ မြောင်းထဲကို စွန့်ပစ်ထားတဲ့ ဆီတွေကို စက်နဲ့ ချွတ်ပြီးတော့ ပြန်ရောင်းတာပေါ့လေ။ ရောင်းတော့ အဲဒီဆီက မြန်မာပြည်ထဲကို ၀င်လာတာ၊ ကျနော်တို့ ဆီအသင်းကပဲ အစည်းအဝေးမှာ အဲဒီဆီတွေတော့ ၀င်လာနေတယ်၊ ခဲလည်းမခဲဘူး၊ ဒီလိုကြားတယ် စုံစမ်းပေးပါဆိုတော့  စုံစမ်းတော့ ဘာတွေ့လဲဆိုတော့  ဟုတ်တယ် မြောင်းထဲကနေ စွန့်ပစ်ထားတဲ့ဆီတွေကို စုပြီးတော့ ပြန်ချွတ်ပြီးတော့ အရောင်အနံ့ အရသာ ချွတ်ပြီးတော့ ထုပ်ပိုးပြီးတော့ မြန်မာပြည်ရော တခြားနိုင်ငံတွေကောပို့လားတော့ မသိဘူး၊ မြန်မာပြည်ကို ၀င်တဲ့လမ်းကြောင်းတွေ့တယ်၊ ၀င်တော့ အဲဒီလမ်းကြောင်းကို ပိတ်တယ်၊ ဒီနောက်ပိုင်း မိုဘိုင်းအဖွဲ့တွေရော တော်တော်လေးတော့ပိတ်တယ်၊ နောက်ပိုင်း ဒီတနှစ်လောက်ရှိပြီ အဲဒီကောင် အ၀င်မရှိဘူးဆိုတာ  တွေ့လာရတယ်။” မသန့်ရှင်းတဲ့ အဆိုပါစားသုံးဆီတွေ စားသုံးမိရင် ကင်ဆာဖြစ်စေနိုင်တာကြောင့် အရေးယူဆောင်ရွက်ပေးဖို့ ဦးကိုကိုကြီးက လွှတ်တော်မှာ အရင်က တင်ပြဆွေးနွေးခဲ့ဖူးပါတယ်။ မနေ့က အစည်းအဝေးမှာတော့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြည်တွင်း ကြက်သွန်နီဈေးနှုန်းတွေ ယခုနှစ် ထူးခြားစွာ မြင့်တက်နေတဲ့အတွက် ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတွေက တင်သွင်းခွင့်ပြုပေးထားပြီး ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။ စီးပွားကူးသန်းဌာနအနေနဲ့လည်း ပြည်တွင်းမှာ ကြက်သွန်နီဈေးနှုန်း အဆမတန် မြင့်တက်လာနေတာကို ထိန်းချုပ်ဖို့နဲ့ ဈေးနှုန်း တည်ငြိမ်ရေးအတွက် အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကနေ ကြက်သွန်နီတွေကို အကန့်အသတ်နဲ့ ၀ယ်ယူတင်သွင်းခွင့်ပြုမယ်လို့  ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာထားပါတယ်။ အရင်က ပြည်တွင်းဈေးကွက်မှာ  ကြက်သွန်ဈေး ၁ ပိဿာ   ပျမ်းမျှ ကျပ် ၁၀၀၀ လောက်ရှိရာက လက်ရှိကျပ် ၄၀၀၀ ဈေးတက်လာနေတာဖြစ်ပါတယ်။
6 years Ago
Up