စီးပွားကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဒီဗွီဘီ သီးသန့်တွေ့ဆုံမေးမြန်းချက်

June 6, 2017

စီးပွားကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဒီဗွီဘီ သီးသန့်တွေ့ဆုံမေးမြန်းချက် (ရုပ်သံ)

လက်ရှိ နေပြည်တော်မှာ ဇွန် ၆ ရက်မှ ၇ ရက်ထိ ကျင်းပနေတဲ့ Myanmar Investment Forum ကနေ မြန်မာနိုင်ငံမှာ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံဖို့ အထောက်အကူဖြစ်စေနိုင်လိမ့်မယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကို ဒီဗွီဘီ ဒု-အယ်ဒီတာချုပ် ဦးခင်မောင်ဝင်းက နေပြည်တော်မှာ သီးသန့်တွေ့ဆုံ မေးမြန်းထားတာဖြစ်ပြီး မြန်မာပြည်ရဲ့ စိုက်ပျိုးသီးနှံ ပို့ကုန်တိုးတက်ရေး၊ အထူးစီးပွားရေးဇုန်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအပြင် ခရီးသွားလုပ်ငန်း အလားအလာတွေနဲ့ ပတ်သက်လို့ ဖြေကြားပေးထားပါတယ်။ မေး- ကျနော်တို့ မြန်မာနိုင်ငံမှာ ဝန်ကြီးဌာနမျိုးစုံ ရှိတာပေါ့လေ။ ဒီဝန်ကြီးဌာနတွေထဲမှာ တချို့ဝန်ကြီးဌာနကတော့ စီးပွားရေးနဲ့ မသက်ဆိုင်ဘူးပေါ့။ အကြမ်းဖျင်းပေါ့၊ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ဘယ်လိုအခန်းကဏ္ဍက ပါလဲဆိုတာ ရှင်းပြပေးလို့ရမလား ခင်ဗျ။ ဖြေ - ဟုတ်ပါတယ်။ ကျနော်တို့ အစိုးရဖွဲ့တဲ့နေရာမှာ ကျစ်ကျစ်လျစ်လျစ်နဲ့ ဖွဲ့ထားတဲ့အတွက်ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဝန်ကြီးဌာနတိုင်းကတော့ အရေးကြီးပါတယ်။ အထူးသဖြင့်တော့ စီးပွားရေးနဲ့ပတ်သက်လာရင် အခွန်အကောက်တို့ ဝင်ငွေတို့၊ တဖက်က နေ့စဉ် ကုန်စည်ကိစ္စတို့၊ သွင်းကုန်ပို့ကုန်ဆိုတော့ အများ သတင်းစာထဲ ပါတာကတော့ စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနဆိုတော့ ဒီဝန်ကြီးဌာနက အရေးကြီးသလို ဖြစ်နေပါတယ်။ မေး - ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ သာမန်လူထုကလည်း အဲဒီလို နားလည်ပါတယ်။ အခု အန်အယ်လ်ဒီအစိုးရ အာဏာရလာတာ တနှစ်ခွဲလောက်ရှိပြီပေါ့နော်။ အကြမ်းဖျင်း ပြောနေကြတာက အန်အယ်လ်ဒီအစိုးရ တာဝန်ယူတဲ့အချိန်မှာ တိုးတက်၊ အပြုသဘော အကောင်းဘက်က တိုးတက်လာတာတွေ အများကြီးရှိပါတယ်။ သို့သော် စီးပွားရေးကဏ္ဍမှာတော့ အားနည်းတယ်လို့ ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း တချို့နေရာတွေမှာ ထုတ်ဖော်ပြောဆိုတာ ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးအနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်ပါလဲ။ ဖြေ - ကျနော်တို့အစိုးရ တက်လာတဲ့အခါကျတော့ စီးပွားရေးက တုံ့သွားသလို ရှိပါတယ်။ ဥပမာ စိုက်ပျိုးရေးဆိုရင်တော့ ပိုမိုတိုးတက်လာတာရှိပါတယ်။ သစ်တောဆိုရင် သစ်တောများ ကာကွယ်ထိန်းသိမ်းရေး ဆိုတဲ့အတွက်ကြောင့် ကျနော်တို့က သစ်ပို့ကုန်ကို လျှော့ချတာ ရှိပါတယ်။ ဂက်စ် သဘာဝဓာတ်ငွေ့ကလည်း ကမ္ဘာ့ဈေးကွက်က တန်ဖိုး ၃၅ တောင် ကျသွားတဲ့အတွက်ကြောင့် မနှစ်ကဆိုရင် ၁ ဒသမ ၅ ဘီလီယံဖိုးလောက် လျော့သွားတာ ရှိပါတယ်။ မေး - အန်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေးပေါ်လစီက ဘယ်လိုရှိလဲဗျ။ အဲဒါ ရှင်းပြပေးလို့ရမလား။ ဖြေ - ကျနော်တို့ စီးပွားရေးပေါ်လစီက အဓိက ၁၂ ချက် ရှိပါတယ်။ အချက်တိုင်းကိုကလည်း အရေးကြီးတာ ရှိပါတယ်။ ဥပမာ ပထမအချက်ကတော့ တိုင်းပြည်ဘဏ္ဍာကို ရှာဖွေသုံးစွဲတဲ့နေရာမှာ ပြည်သူ့ဘဏ္ဍာရေးစနစ်ဆိုတာ စီမံခန့်ခွဲတာ လုပ်ပါတယ်။ စီးပွားကူးသန်းဘက်က ကြည့်မယ်ဆိုရင်တော့ အဓိက နံပါတ်တစ်က စီးပွားရေးလုပ်တဲ့နေရာမှာ ပုဂ္ဂလိကကဏ္ဍ ယှဉ်ပြိုင်မှုအားပေးရေးဆိုပြီး ကျနော်တို့က လွတ်လပ်စွာ ယှဉ်ပြိုင်ရေးကို အားပေးတယ်။ ဒါကြောင့် ထုတ်လုပ်မှုမှာရော ရောင်းဝယ်မှုမှာရော၊ ပြည်တွင်းရောင်းဝယ်မှုမှာ ပုဂ္ဂလိကကဏ္ဍမှာ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပေးထားတာ ရှိပါတယ်။ နောက်တခါ ကျနော်တို့က လုပ်ငန်းလုပ်တဲ့နေရာမှာ အလုပ်အကိုင်ရရှိရေးကလည်း အဓိကဖြစ်တယ်။ နောက်တချက်ကတော့ အဓိကအားဖြင့် မြန်မာနိုင်ငံမှာ လယ်ယာနဲ့ အသေးစားစက်မှုလုပ်ငန်း အများစုဟာ လယ်ယာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးကို စက်မှုနဲ့ချိတ်ဆက်ပြီး လယ်ယာကဏ္ဍ ချိတ်ဆက်မှုဆိုတာ ရှိပါတယ်။ ကျနော်တို့က လုပ်ငန်းလုပ်တဲ့နေရာမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုတော့။ ဒီအချက်တွေဟာ ၁၂ ချက်ထဲမှာ  အရေးကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။ မေး - စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ ဝန်ကြီးရဲ့ ဦးဆောင်မှုအောက်မှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေ၊ လုပ်ဆောင်ချက်တွေက ဘာတွေလဲဆိုတာ အကြမ်းဖျင်း ရှင်းပြလို့ရမလားခင်ဗျ။ ဖြေ - ကျနော်တို့ စီးပွားကူးသန်းဝန်ကြီးဌာနက အဓိကအားဖြင့်တော့ မြန်မာနိုင်ငံမှာ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက တာဝန်ယူဆောင်ရွက်တဲ့ ဝန်ကြီးဌာန ဖြစ်ပါတယ်။ သို့သော် စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ လယ်ယာကဏ္ဍနဲ့ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ထုတ်လုပ်မှုကဏ္ဍတို့၊ ဆက်သွယ်ရေးကဏ္ဍတို့၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတို့၊ ဘဏ်တို့နဲ့ ချိတ်ဆက်ရတာ ရှိတဲ့အတွက်ကြောင့် ဒီလိုဟာမျိုး ချိတ်ဆက်နိုင်မှ တိုးတက်ဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။ ကျနော်တို့ စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့တော့ ပို့ကုန်သွင်းကုန်လုပ်ငန်းမှာ အဓိက ဆောင်ရွက်တာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ပို့ကုန်သွင်းကုန်က အစိုးရရဲ့ အခွန်အကောက်ဝင်ငွေ အဓိကကျတာဖြစ်တယ်။ ပြည်တွင်းက ထုတ်လုပ်မှု ပိုလျှံတာကို နိုင်ငံတကာမှာ ရောင်းဝယ်ဖို့ ရှိပါတယ်။ ပို့ကုန်လုပ်ငန်းမှာ အဓိကထားပြီးတော့ ဈေးကွက်ရှာဖွေရေးတို့၊ ပို့ကုန်လုပ်တဲ့နေရာမှာ ဖြေလျှော့မှုတို့ ဒါတွေလုပ်ပါတယ်။ နောက်တခုကလည်း ကျနော်တို့အနေနဲ့ ထုတ်လုပ်သူများနဲ့ ရောင်းဝယ်သူများ သတင်းအချက်အလက် ရယူဖလှယ်ပေးတာ ရှိတယ်။ ကျနော်တို့က ဒီမှာ စီးပွားကူးသန်းအနေနဲ့ အခြားလုပ်ရတာတွေ ရှိပါတယ်။ ဥပမာဆိုရင် အထူးစီးပွားဇုန်များ Special Economic Zone ၃ ခု ရှိပါတယ်။ သီလဝါရယ်၊ ကျောက်ဖြူရယ်၊ ထားဝယ်ရယ်။ ဒီဇုန် ၃ ခုကို ကျနော်တို့ လုပ်ဖို့အတွက် စီးပွားကူးသန်းဝန်ကြီးဌာနက focal point (အဓိကဆုံချက်) အဖြစ်ပေါ့။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဆိုတာ ရှိပါတယ်။ ဒု-သမ္မတ ၁ က ဦးဆောင်တာ။ ဒီမှာလည်း ကျနော်တို့ စီးပွားကူးသန်းဝန်ကြီးဌာနက focal point တခုဖြစ်တဲ့အတွက် ဒီထုတ်လုပ်မှုရော၊ ကူးသန်းရောင်းဝယ်မှုရော ပုဂ္ဂလိကပိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျနော်တို့ အဓိကထား အလေးထား ဆောင်ရွက်ထားတာ ရှိပါတယ်။ မေး - မြန်မာနိုင်ငံမှာက ပို့ကုန်ထက် သွင်းကုန်က ပိုများနေတယ်လို့ ပြောတာ ရှိတယ်လေ။ အဲဒါ ဟုတ်ပါသလား ခင်ဗျ။ ဖြေ - ဟုတ်ပါတယ်။ မနှစ်ကဆိုရင် ပို့ကုန်က ၁၂ ဘီလီယံလောက်ရှိပါတယ်။ သွင်းကုန်က ၁၇ ဘီလီယံလောက် ရှိပါတယ်။ မေး - အရင်က တွေ့ခဲ့တဲ့ အတွေ့အကြုံအရဆိုရင် နိုင်ငံခြားက ဝယ်ယူမှု၊ နိုင်ငံခြားဈေးကွက်မှာ အပြောင်းအလဲဖြစ်သွားရင် အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့ဆီမှာ လာပြီးရိုက်ခတ်မှု ရှိကြတယ်။ ဥပမာဆိုရင် စိုက်ပျိုးနေကျ သီးနှံတွေ၊ အရင်နှစ်ကတော့ ပို့ကုန်မှာ အားကောင်းတဲ့အတွက် ဒီနှစ်မှာ အားသွန်ခွန်စိုက် စိုက်လိုက်တယ်။ ဒါပေမယ့် ဒီနှစ်မှာ ဈေးကွက်ပြောင်းလဲတဲ့အတွက် ထိခိုက်မှုတွေ အကြီးအကျယ်ဖြစ်တယ်။ ဒါမျိုးအခြေအနေ ဘယ်လို သုံးသပ်ပြလို့ရမလဲ။ ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမျိုး ဦးဆောင်မှုပေးပြီး ဒီဟာကနေ ကျော်လွှားလို့ရအောင် ဘယ်လိုမျိုး ကူညီပေးနိုင်တာတွေ ရှိပါသလဲခင်ဗျ။ ဖြေ - ဟုတ်ပါတယ်။ ဒါကတော့ လယ်ယာစိုက်ပျိုးမှု အခြေခံတဲ့ နိုင်ငံအဖို့ကတော့ လယ်ယာကဏ္ဍရဲ့ သဘောသဘာဝက ဒီပြဿနာက တွေ့ကြုံရပါတယ်။ ဒါကို ဖြေရှင်းဖို့ဆိုရင် ကျနော်တို့က နံပါတ်တစ် ပြည်တွင်းမှာ ထုတ်လုပ်မှု Productivity တက်အောင်၊ ထုတ်လုပ်မှုစရိတ် နည်းအောင်ဆိုတာ တဖက်က ကြိုးစားသလို၊ တဖက်ကလည်း သယ်ယူပို့ဆောင်စရိတ် လျော့နည်းအောင် ကျနော်တို့က လမ်း၊ တံတား ပိုကောင်းအောင် လုပ်ဆောင်နေတာရှိပါတယ်။ တဖက်ကလည်း ကျနော်တို့က ဈေးကွက်တခုကို အခု ကျနော်တို့ဆိုရင် အိမ်နီးချင်း ထိုင်းတို့၊ တရုတ်တို့၊ အိန္ဒိယဈေးကွက်ကို အဓိက မှီခိုနေရတဲ့အခါကျတော့ ဈေးကွက်ပိုမိုရရှိခြင်းအားဖြင့် ကျနော်တို့ရဲ့ သီးနှံတွေကို ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့်ရောက်အောင်ဆိုပြီး ဥရောပ၊ အရှေ့ဥရောပ၊ အထူးသဖြင့် အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားတို့ ဈေးကွက်သစ်တွေကို ကျနော်တို့ ရှာပေးတာ ရှိပါတယ်။ ကျနော်တို့ကလည်း ပို့ကုန်ကို လယ်ယာကဏ္ဍ သဘာဝအရင်းအမြစ်က ပို့တာထက် Value Added ဖြစ်အောင်လို့ ကျနော်တို့ စတင်လုပ်နေတဲ့အတွက်ကြောင့် ဒါကတော့ ရေရှည်ကြည့်မယ်ဆိုရင်တော့ အလားအလာကောင်းတဲ့သဘော ရှိပါတယ်။ မေး - ကျနော်တို့ မြန်မာနိုင်ငံမှာ လာနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို တချို့ပညာရှင်တွေ ထောက်ပြတာက အလုပ်အကိုင် ရရှိရေးဆိုတဲ့ Labour Intensive Investment ထက် တကယ့်ကို ငွေရင်းက ကြီးတယ်၊ အလုပ်အကိုင်ရရှိဖို့က သိပ်မရှိဘူး၊ Capital Intensive Investment တွေဖြစ်တယ်လို့ ပြောကြပါတယ်။ ခုနက ဝန်ကြီးပြောခဲ့တဲ့ အထူးစီးပွားရေးဇုန် ၃ ခုမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုမျိုးတွေက အလုပ်အကိုင်ရရှိရေး ဘယ်လိုမျိုး အထောက်အကူပြုနိုင်လဲခင်ဗျ။ ဖြေ - လောလောဆယ် ကျနော် နှစ်ပိုင်း ပြောလို့ရပါတယ်။ ဥပမာ အထူးစီးပွားရေးဇုန်များ၊ ထားဝယ်၊ ကျောက်ဖြူ၊ သီလဝါဇုန် ကိစ္စပေါ့နော်။ သူက ရင်းနှီးမြှုပ်နှံမှု ကြီးပါတယ်။ ခေတ်မီတဲ့လုပ်ငန်းတွေ ဖြစ်တဲ့အတွက်ကြောင့် နည်းပညာ နောက်ဆုံးသွင်းတာကြောင့် အလုပ်အကိုင် ရရှိမှုကတော့ ကျွမ်းကျင်တဲ့ အလုပ်အကိုင်က ပိုမိုရရှိတာပေါ့လေ။ အောက်က လေဘာအမြတ်လည်း နည်းပါတယ်။ သို့သော်လည်း ကျနော်တို့ တဖက်ကလာတဲ့ ရင်းနှီးမြှုပ်နှံမှုကို ကြည့်မယ်ဆိုရင် ဥပမာ အထည်ချုပ်လုပ်ငန်းတို့၊ ရေထွက်လုပ်ငန်း တိုးတက်ရေးလုပ်ငန်းတို့၊ Process လုပ်ငန်းတွေဆိုရင် ဒါတွေက အလုပ်အကိုင်ပေးနိုင်တဲ့ လုပ်ငန်းတွေပါ။ တခါတလေကျရင် ကျနော်တို့က ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်တဲ့အခါမှာ တဖက်က အလုပ်အကိုင်ရရှိရေး၊ ပို့ကုန်တိုးတက်ရေး ဆိုပေမယ့်လည်း လာတဲ့လူတိုင်းကို စစ်ဆေးပြီး လက်ခံတဲ့သဘော ရှိတဲ့အတွက်ကြောင့် ကျနော်တို့လိုချင်တဲ့ ရည်မှန်းချက် မရတာဖြစ်တယ်။ သို့သော် အထူးစီးပွားဇုန်များ ဖွံ့ဖြိုးလာမယ်ဆိုရင်တော့ တည်ဆောက်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ ရေရှည်မှာတော့။ မေး - အဲဒီလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆက်စပ်ပြီး ဖြစ်နေတဲ့ ပြဿနာတခုက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ကျနော်တို့မှာ ရှိခဲ့ကြတယ်။ သတ္တုလုပ်ငန်းတို့၊ သစ်တောလုပ်ငန်းတွေမှာ ဖြစ်ခဲ့ကြတာရှိတယ်။ အခု စီးပွားရေးအထူးဇုန်တွေမှာ လာရောက် ရင်းနှီးမြှုပ်နှံတာတွေကရော ကျနော်တို့တိုင်းပြည်ရဲ့ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး၊ ပြီးတော့ ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝကို မထိခိုက်အောင် အဲဒါမျိုးတွေအတွက် မဖြစ်ရအောင် စီမံကိန်းချ ဆောင်ရွက်နေတာများ ရှိပါသလားခင်ဗျ။ ဖြေ - ရှိပါတယ်။ ဟိုတုန်းက ကျနော်တို့သိခဲ့တဲ့ သတ္တုလုပ်ငန်းတို့၊ မြစ်ဆုံဆည်တို့ စသဖြင့် ကိုယ့်နိုင်ငံကပဲလုပ်လုပ်၊ ဆည်တွေပဲလုပ်လုပ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံတာပဲလုပ်လုပ်၊ ခုနကပြောတဲ့ ခါးသီးတဲ့ကိစ္စတွေ ရှိတာပဲ။ သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်တာတို့၊ ရွှေတူးဖော်တယ်၊ ကျောက်စိမ်းတူးဖော်တယ် စသဖြင့်ပေါ့၊ ဒါတွေဟာ ခါးသီးတဲ့ အတွေ့အကြုံတွေပါ။ အဲဒါမဖြစ်အောင် ကျနော်တို့က အလေးထား ဆောင်ရွက်ပါတယ်။ တဖက်က နိုင်ငံခြားလုပ်မယ့် ကုမ္ပဏီမှာ တင်းကျပ်သော ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်တယ်။ ဒေသဆိုင်ရာနဲ့ ပြည်သူများနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါတယ်။ ကျနော်တို့ ကျောက်ဖြူဇုန်ပဲဖြစ်ဖြစ်၊ သီလဝါဇုန်ပဲဖြစ်ဖြစ်၊ ထားဝယ်ကပဲဖြစ်ဖြစ် ဘာမှ လျှို့ဝှက်ချက် မရှိပါဘူး။ ဒေသဆိုင်ရာ ပြည်သူများနဲ့ အပွင့်လင်းဆုံး ဆွေးနွေးပြီးတော့ အလုပ်အကိုင် ပိုမိုရရှိရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး ဆိုတာတွေကို ကျနော်တို့ကတော့ ကြိုးစားပမ်းစား လိုက်ပြီး ဆောင်ရွက်နေတာမျိုး ရှိပါတယ်။ သီလဝါဆိုရင် ကောင်းမွန်တဲ့ အလားအလာကောင်း ရှိပါတယ်။ မေး - ကျနော်တို့နိုင်ငံရဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းက ဒေသတွင်းနိုင်ငံနဲ့ နှိုင်းယှဉ်လိုက်ရင် တော်တော်ကို နိမ့်ကျနေသေးတဲ့ အနေအထားမှာ ရှိတယ်လို့ မြင်တယ်။ ခရီးသွားလာတဲ့ ဦးရေကလည်း တော်တော်နည်းသေးတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ၁၀ ဆလောက်တောင် ကွာတယ်လို့ ပြောလို့ရပါတယ်။ အဲဒီလို ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်လာပြီးတော့မှ အလုပ်အကိုင်ရရှိရေး ဖန်တီးဖို့အတွက်ရော အစိုးရကရော ပေါ်လစီချမှတ်ပြီး လုပ်ဆောင်တာမျိုး ရှိပါသလား ခင်ဗျ။ ဖြေ - ကျနော်တို့ဌာနနဲ့ဆိုရင် National Export Strategy ဆိုတာရှိပါတယ်။ သီးနှံ ၇ မျိုးနဲ့၊ ခရီးသွားလုပ်ငန်း၊ ရော်ဘာလုပ်ငန်း တိုးတက်ဖွံ့ဖြိုးဖို့၊ အထူးသဖြင့် Community Tourism သဘောလုပ်တာ ရှိတယ်။ ဒါကလည်း ခရီးသွား အများနဲ့စာရင်တော့ အနည်းအပါးပါ။ ဖြစ်ဖို့က ကျနော်တို့မှာက အဓိကက လမ်းပန်းဆက်သွယ်ရေး Infrastructure အားနည်းတာရယ်၊ ရေတို့ လျှပ်စစ်တို့ အားနည်းတာ ရှိပါတယ်။ နောက်တခုလည်း ကျနော်တို့ ဖွင့်ပေးနိုင်ရင်တော့ ဖွင့်ဖို့ လိုအပ်ပါတယ်။ တရုတ်ဘက်ကလည်း ဒါကို အတွင်းထိ ဖွင့်လည်ဖို့ တောင်းဆိုတာ ရှိပါတယ်။ ထိုင်းဘက်ကလည်း သူတို့ ထားဝယ်ကိစ္စတို့၊ ဒီဘက် ကရင်ပြည်နယ်အထိ၊ အိန္ဒိယဘက်ကလည်း အဲဒီလို တောင်းဆိုတာရှိတယ်။ အကယ်၍ ကျနော်တို့က အနောက်ဥရောပ နိုင်ငံကြီးတွေ ခရီးသွားလုပ်ငန်းကတော့ သိပ်မျှော်လင့်စရာမရှိဘူး။ ကျနော်တို့က အိမ်နီးချင်းနိုင်ငံတွေ တရုတ်တို့၊ အိန္ဒိယ၊ ထိုင်းတို့နဲ့ ဒီအရပ်ဒေသတွေမှာ ဖွင့်ပေးမယ်ဆိုရင် ခရီးသွားလုပ်ငန်းကတော့ အလားအလာရှိတဲ့ လုပ်ငန်းတရပ်အနေနဲ့ မျှော်လင့်ထားပါတယ်။ ဒါကိုလည်း ကျနော်တို့က တစိတ်တပိုင်း အားပေးနေပါတယ်။ မေး - အခု နေပြည်တော်မှာ ဇွန် ၆၊ ၇ နှစ်ရက်အတွင်းမှာ Myanmar Investment Forum ဆိုပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ အလားအလာရှိတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံက တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ဖိုရမ်လုပ်နေကြတယ်။ အဲဒီလိုလုပ်တဲ့ ဖိုရမ်က မြန်မာနိုင်ငံမှာ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံမှုအတွက် ဘယ်လိုမျိုး အခန်းကဏ္ဍက အထောက်အကူပြုနိုင်မယ်လို့ သုံးသပ်ပြလို့ရမလဲ။ ဖြေ - ဒါ အထောက်အကူပြုနိုင်ပါတယ်။ သူတို့လည်း စိတ်ဝင်စားလို့ လာရောက်ပြီး လေ့လာတဲ့သဘော။ အဲဒီလိုဖိုရမ်မျိုးတွေက ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များက သူတို့ အခါအားလျော်စွာ လုပ်နေတာတွေရှိတယ်။ ဥပမာဆိုရင် မြန်မာကုန်သည်စက်မှုလုပ်ငန်း အသင်းချုပ်တို့၊ ဆန်စပါးအသင်းတို့၊ ပဲအသင်းတို့၊ ငါးအသင်းတို့ စသဖြင့် သူတို့ လိုင်းအလိုက်၊ နိုင်ငံကတာက လုပ်ငန်းရှင်တွေ ဖိတ်ခေါ်ပြီး ဆွေးနွေးပွဲ လုပ်ကြတယ်။ အခုလည်း သူတို့တွေ ရင်းနှီးမြှုပ်နှံမှု Society ကနေ နိုင်ငံတကာ ပုဂ္ဂလိကဆိုက်ကနေပြီး လုပ်တဲ့အတွက် ဒါက ကျနော်တို့က ကြိုဆိုရမယ့်လုပ်ငန်းပါ။ ဒါမျိုးဆိုရင် ကျနော်တို့အစိုးရကို မေတ္တာရပ်ခံရင် ကျနော်တို့က သင့်တော်သော ဝင်ရောက်ဆွေးနွေးညှိနှိုင်းဖို့၊ သတင်းအချက်အလက်ပြောဖို့ ကျနော်တို့မှာတော့ ပူးပေါင်းဆောင်ရွက်မှုက အမြဲရှိပါတယ်။ ကျနော်တို့မှာလည်း ပြောစရာရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်တို့၊ ကုမ္ပဏီမှတ်ပုံတင်အသစ်တို့၊ ဖြေလျှော့မှုတွေ အများကြီး လုပ်ထားတဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကလည်း သူတို့ နိုင်ငံခြားက စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေကို မက်ဆေ့ခ်ျပေးဖို့ ရှိပါတယ်။ ဒါကတော့ ပုဂ္ဂလိကနဲ့ အစိုးရနဲ့ ပူးပေါင်း ဒီလိုလုပ်နိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ မေး - ဝန်ကြီး ဘာများ ဖြည့်စွက်ပြောချင်ပါလဲ။ ဖြေ - ဖြည့်စွက်ပြောချင်တာကတော့ ခုလို လာရောက်မေးမြန်းတဲ့အတွက်ကြောင့် ကျနော်တို့က ကျေးဇူးတင်ပါတယ်။ ကျနော်တို့ လုပ်တဲ့နေရာမှာတော့ တချို့အပိုင်းတွေက တတ်နိုင်သမျှ လုပ်တာရှိတယ်။ နောက်တခါ ဥပဒေ၊ နည်းဥပဒေကို ကျနော်တို့က ဖြေရှင်း ရုန်းကန် လှုပ်ရှားနေတာ ရှိပါတယ်။ တချို့ကိစ္စတွေက ကျနော်တို့ကိုယ်တိုင် မသိနိုင်ပါဘူး။ ဥပမာ Logistics ကိစ္စ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စ ဘယ်လိုဖြစ်နေတယ်ဆိုတာကို သိဖို့ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံပြီးတော့ ကူညီလေ့လာပြီးတော့ လေ့လာဆန်းစစ်တာ ရှိတယ်။ တချို့လုပ်ငန်းတွေက လေ့လာဆန်းစစ်ချက်အရ အဖြေသိပါတယ်။ အဖြေရဖို့ဆိုရင် ကျနော်တို့က Capital တို့၊ Financing တို့၊ Technology တို့ဆိုတာ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ကျနော်တို့နိုင်ငံ စီးပွားရေးကို ဟိုတုန်းကတော့ အမျိုးမျိုးကြောင့် အတွင်းကလည်း လုပ်ရသလို အခုအခါကျတော့ အိမ်နီးချင်းနိုင်ငံများနဲ့ နိုင်ငံတကာစင်မြင့်မှာ ကျနော်တို့ရဲ့ စီးပွားရေးကို ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်တာ လုပ်တာရှိတယ်။ ကျနော်တို့ကလည်း လုပ်ငန်းလုပ်တဲ့အခါမှာ နိုင်ငံတကာ အဖွဲ့အစည်းမှာ ကမ္ဘာ့ဘဏ်တို့၊ ADB တို့ ဒါမျိုးနဲ့ ဆက်စပ်သလို တဖက်ကလည်း Community  Development Partner ဖြစ်တဲ့ ဂျပန်က JICA တို့၊ ကိုရီးယားတို့၊ UK Aid တို့၊ Australia Aid တို့၊ ဥရောပနိုင်ငံများကတဆင့် မိတ်ဆွေနိုင်ငံများနဲ့ ပူးပေါင်းကူညီဆောင်ရွက် လုပ်ကိုင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ကတော့ အများကြီး ကောင်းပါတယ်။ မျှော်လင့်ချက်တွေလည်း အများကြီးရှိပါတယ်။ အခုလို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရှင်းပြပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
4 years Ago
Up