စီးပွားကူးသန်း

March 23, 2017

သီးနှံဈေးကွက်သစ်ရှာဖွေရေး ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားကူးသန်းတို့ ပူးပေါင်းလုပ်ဆောင်မည်

  သီးနှံဈေးကွက်သစ်ရှာဖွေရေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွား ကူးသန်းတို့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ မြန်မာ့လယ်ယာထွက်သီးနှံဈေးကွက်အနေနဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ဈေးကွက်ဝယ်ယူမှု အပေါ် မှီခိုနေရတာဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ စီးပွားရေးမူဝါဒ အပြောင်းအလည်းတွေနဲ့ ဈေးနှိမ်ဝယ်ယူတက်တဲ့ တရုတ်နဲ့ အိန္ဒိယကုန်သည်တွေကြောင့် မြန်မာကုန်သည်တွေနဲ့ တောင်သူတွေအနေနဲ့ သီးနှံပေါ်ချိန်မှာ ဈေးနှုန်းနိမ့်ကြပြီး နှစ်စဉ်နီးပါး အရှုံးပေါ်နေရတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ အဲဒီအတွက် တရုတ်နဲ့ အိန္ဒိယနိုင်ငံအပေါ် မှီခိုနေရမှုတဲ့ အခြေအနေကို လျော့ချနိုင်ဖို့အတွက် အခြား ဥရောပနိုင်ငံတွေကိုပါ မြန်မာ့လယ်ယာထွက် သီးနှံတွေ တင်ပို့ရောင်းချနိုင်ဖို့ ဈေးကွက် အသစ်တွေ ရှာဖွေနိုင်ဖို့ လိုအပ်နေပြီလို့လည်း ဆိုပါတယ်။ အဲဒီအတွက် မြန်မာ့လယ်ယာထွက်သီနှံတွေ တင်ပို့ရောင်းချနိုင်မယ့် သီးနှံဈေးကွက်သစ်ရှာဖွေရေး လုပ်ငန်းတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ “ဈေးကွက်ထိုးဖောက်တာကတော့ မိမိတို့ ဝန်ကြီးဌာနနဲ့ အဓိက သတ်ဆိုင်တာမဟုတ်ဘူးပေါ့။ စီးပွားကူးသန်း ဝန်ကြီးဌာနက အဓိက ဈေးကွက်ထိုးဖောက်ဖို့ ကြိုးစားပါတယ်။ အခု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”လို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောပါတယ်။ မြန်မာ့လယ်ယာထွက် သီးနှံတွေကို အနောက်ဥရောပနိုင်ငံတွေမှာ တင်ပို့ရောင်းချမယ်ဆိုပါက မြန်မာ့ လယ်ယာထွက် သီးနှံတွေကို အရည်သွေးပြည့်မှီတဲ့သီးနှံတွေအဖြစ် ထုတ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ မြန်မာ့လယ်ယာထွက်သီးနှံတွေ အရည်သွေးပြည့်မှီအောင် ထုတ်လုပ်နိုင်ဖို့အတွက် လယ်ယာ စိုက်ပျိုးရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာနအနေနဲ့ ဂျပန်နိုင်ငံရဲ့ ငွေကြေးနဲ့ နည်းပညာအကူညီကို ရယူပြီး ငါးနှစ်စီမံကိန်းသတ်မှတ် အကောင်အထည်ဖော်လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စု ဝန်ကြီး ဒေါတ်တာအောင်သူက ပြောပါတယ်။ “ဂျပန်နိုင်ငံနဲ့ ပူးပေါင်းပြီးတော့ ငါးနှစ်တာ လုပ်မယ့် မူဝါဒရေးပြီးပါပြီ။ အဲဒါကတော့ ထွက်တဲ့ ပစ္စည်းတွေကို အရည်သွေးပြည့်မှီတဲ့ ပစ္စည်းတွေအဖြစ်လုပ်ဖို့ ရေးဆွဲဖို့ပါ။ ဂျပန်နိုင်ငံ ကူညီတဲ့ ငွေကြေး အပေါ် ဆောင်ရွက်သွားမှာပါ။ ဆိုလိုတာက မနှစ်က ကြုံလိုက်ရတယ်။ ပြောင်းတွေ ထွက်တယ် ပြောင်းဈေးတွေကြတယ်။ တို့မှာ အရည်သွေးပြည့်မှီတဲ့ ပစ္စည်းတွေမရှိဘူး။ ပြည်တွင်းမှာ ထွက်တဲ့ ကုန်ကြမ်းကနေ ကုန်ခြောဖြစ်အောင် ပစ္စည်း ၂၇ မျိုးလောက်ကို လုပ်တဲ့နည်းကို ဂျပန် ပညာရှင် ၃ ဦးနဲ့ ပေါင်းပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းကနေ ဆောင်ရွက်ပြီးသွားပြီ။ ဝန်ကြီးဌာနကတော့ အခုလက်ရှိလုပ်နေတာကတော့ ထုတ်လုပ်မှုကုန်ကြစရိတ်လျော့နည်းအောင်လုပ်တဲ့ လုပ်ငန်းရယ်၊ အထွက်နှုန်းမြင့်မားအောင်လုပ်တဲ့ လုပ်ငန်းရယ်၊ အရည်သွေးပြည့်မှီအောင်ထုတ်လုပ်တဲ့ လုပ်ငန်းရယ် ကို အဓိကထားပြီးလုပ်နေပါတယ်”လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆိုပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ သီးနှံအရည်အသွေးပြည့်မှီဖို့နဲ့ အထွက်နှုန်းတိုးအောင် လုပ်ဆောင်မယ် ဆိုပါက နည်ပညာနဲ့ ချေးငွေထုတ်ပေးတာတွေအပြင် စိုက်ပျိုးရေးသုံး စက်ပစ္စည်းတွေ၊ သီးနှံမျိုးစေ့တွေ၊ ဆေးဝါးနဲ့ ဓာတ်မြေသြဇာတွေကို ပြင်ပပေါက်ဈေးထက် လျော့ချပြီး သီးနှံပေါ်ပေးစနစ်နဲ့ ရောင်းချပေးဖို့ လိုအပ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။ “ဈေးကွက်ကို တည်ငြိမ်အောင်ထိန်းပေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ အဲလိုမလုပ်နိုင်သေးရင် လည်း အထွက်နှုန်ကောင်အောင် မျိုးကောင်းမျိုးသန့်တွေ၊ မြေသြဇာတွေ၊ ပိုးသက်ဆေးတွေကို အစိုးရအရောင်းဆိုင် ဖွင့်ပြီးတော့ အပြင်ထက်ဈေးလျော့ပြီး အကြွေးစနစ်နဲ့ရောင်းပေးစေချင်တယ်။ အဲလိုပဲ လယ်ယာသုံး စက်ပစ္စည်းတွေကိုလည်း ရောင်းပေးစေချင်တယ်။ သီးနှံပေါ်ရင်ဆက်မှာပေါ့”လို့ တောင်သူဦးရွှေရိုးက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ နည်းပညာလိုအပ်ချက်တွေကြောင့် မြန်မာ့လယ်ယာထွက်သီးနှံတွေဟာ ဥရောပနိုင်ငံတွေကို တင်ပို့ရောင်းချဖို့အထိ အရည်သွေးပြည့်မှီအောင် ထုတ်လုပ်နိုင်ခြင်း မရှိသေး ပါဘူး။ ဒါ့အပြင် ရာသီဥတု ဖောတ်ပြန်မှုတွေကြောင့် သီးနှံအထွက်နှံးနဲပါးနေတဲ့အပြင် သီးနှံဖျက်ပိုး အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွေလည်း ရှိနေပါတယ်။ လက်ရှိ သီးနှံပေါက်ဈေးတွေဟာဆိုရင် ယခင်နှစ်ထက် ဈေးနှုန်းနိမ့်ကြနေတဲ့အတွက် တောင်သူတွေ အနေနဲ့ အရှုံးပေါ်မယ့်အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေကြပါတယ်။ သတင်း - အောင်ဆန်းဦး
5 years Ago

September 3, 2015

ပြည်ပ ဆန်တင်ပို့ရောင်းချခွင့် မကြာခင် ပြန်ပေးမည်

ရေဘေးကြောင့် ခေတ္တယာယီ ရပ်ဆိုင်းထားတဲ့ ပြည်ပဆန်တင်ပို့ရောင်းချမှုတွေကို မကြာခင် ပြန်ပေးဖို့ စီစဉ်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဆန်စပါးအသင်းချုပ်က ပြည်ပဆန်တင်ပို့မှုတွေ စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြန်လည်ခွင့်ပြုပေးဖို့ တင်ပြထားသလို အစိုးရအနေနဲ့လည်း ပြည်ပဆန်တင်ပို့ဈေးကွက် မပျက်စေဖို့ ပြန်လည်ခွင့်ပြုပေးနိုင်ရေး ညှိနှိုင်းစီစဉ်နေတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။ “ပိတ်ရတဲ့အကြောင်းရင်းက တနိုင်ငံလုံးမှာ ရေဘေးအခြေအနေ ဖြစ်သွားတယ်ပေါ့နော်၊ တဘက်ကလည်း ဈေးကွက်ကို မပျက်စေချင်ပါဘူး။ အဲဒီနှစ်ခုအပေါ်မှာ ချိန်ပြီးတော့ ပြန်စဉ်းစားပြီးတော့ ဆောင်ရွက်ပေးမှာပါ။ ဘယ်လိုအဆင့်အနေနဲ့ သွားမလဲ ဆိုတာကတော့ သက်ဆိုင်ရာ ဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းနေဆဲပါ။ အဓိကတော့ ရရှိပြီးသား ဈေးကွက်ကိုလည်း မပျက်စေချင်ဘူး။ အထူးသဖြင့် ဥရောပဈေးကွက်ရှိပါတယ်။ နောက်ပြီး  ကျနော်တို့နိုင်ငံမှာ ဒီနှစ်ပိုင်းမှာ ထူးထူးခြားခြား တိုးတက်လာတဲ့ ပေါင်းဆန်ဈေးကွက်ပေါ့။ အဲဒီဆန်ကို ပြည်တွင်းလည်း သိပ်မစားတဲ့ အခါကျတော့ သူ့ဈေးကွက်မပျက်အောင် ဈေးကွက်ထိန်းနိုင်အောင် ဆက်ပြီးတော့ လုပ်ပေးရမှာပါ။ ပြည်တွင်းမှာ အဓိက မစားတဲ့ဆန်တွေကတော့ အရင်ဆုံးပေးဖို့ပါ။ ပြီးရင်တော့ ဆန်စပါးအမျိုးအစား အားလုံးကို တဖြည်းဖြည်း လုပ်ပေးသွားမှာပါ။” မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း ဒေသအနှံ့ ရေဘေးနဲ့ကြုံတွေ့ခဲ့ရပြီးနောက် သြဂုတ် ၇ ရက်နေ့လောက်ကစပြီး ပြည်ပဆန်တင်ပို့မှုတွေကို အစိုးရက ရပ်ဆိုင်းထားခဲ့တာ ၁ လနီးပါး ရှိနေပြီဖြစ်ပါတယ်။ ပြည်ပဆန်တင်ပို့မှု ပိတ်ထားချိန်မှာ ပြည်တွင်း ဆန်စပါးလုပ်ငန်းရှင်တွေ အနေနဲ့ ထိခိုက်နစ်နာမှုတွေရှိ မရှိနဲ့ ပတ်သက်ပြီး ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက “ကျနော်သိသလောက်က ကုမ္ပဏီတွေက စာချုပ်ချုပ်ပြီး တင်ပို့ရမယ့် သင်္ဘော သဘာဝဘေးအန္တရာယ်တွေ ကျရောက်လို့ ဂျာနယ်တွေမှာ၊ သတင်းတွေမှာ ဒီလိုမျိုးတွေ ရှိပါတယ်ဆိုတဲ့ အထောက်အထားနဲ့ပြပြီး အစိုးရက တရားဝင် စာမထုတ်ပေးတဲ့အတွက်  ဂျာနယ်တွေကနေ သက်သေအထောက်အထားနဲ့ ရောင်းထားတဲ့ ကုမ္ပဏီတွေကို တင်ပြတဲ့အခါ ကုမ္ပဏီတွေက အတိုင်းအတာတခုအထိ နောက်ကိုဆုတ်ပေးတယ်။ သင်္ဘောတင်မယ့်ရက်ကို ဆိုင်းငံ့ထားပေးတယ်။ အရောင်းအ၀ယ်ပျက်တဲ့ အထိတော့ မရောက်ဘူး” လို့ ပြောပါတယ်။ ပြည်ပဆန်တင်ပို့မှု ရပ်ဆိုင်းထားတဲ့အတွက် ဆန်ကုန်သည်တွေဟာ ပြည်တွင်း လက်လီဈေးကွက်ကိုပဲ အားထားရောင်းချနေရပြီး ပြည်ပဆန်တင်ပို့သူတွေအတွက် ဆန်ဝယ်ယူပေးသူတွေနဲ့ နယ်စပ်ကနေ ဆန်တင်ပို့ရောင်းသူတွေ အလုပ်ပါးနေတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ရေကြီးဘေးနဲ့ ကြုံတွေ့ခဲ့ရပေမယ့် အခုနှစ် ပြည်ပဆန်တင်ပို့မှုကတော့ မနှစ်ကထက် လျော့နည်းကျဆင်းဖို့ မရှိတဲ့အကြောင်းနဲ့ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းထိ ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ မနှစ်က ဒီအချိန်ထက် တန်ချိန် ၁ သိန်းလောက် ပိုပို့ထားပြီးပြီလို့ စီးပွားကူးသန်းဌာနက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ဆန်တန်ချိန်ပေါင်း ၁ သန်းခွဲမှ ၂ သန်းအကြား နှစ်စဉ်တင်ပို့ဖို့ လျာထားပြီး မနှစ်ကတော့ ဆန်တန်ချိန် ၁ ဒသမ ၈ သန်းအထိ တင်ပို့ခဲ့ပါတယ်။
6 years Ago
Up