စီရော်နယ်ဒို၏ ဟက်ထရစ်သွင်းဂိုးဖြင့် ရီးရဲလ်က အက်သလက်တီကိုကို ဂိုးပြတ်နိုင်

May 3, 2017

စီရော်နယ်ဒို၏ ဟက်ထရစ်သွင်းဂိုးဖြင့် ရီးရဲလ်က အက်သလက်တီကိုကို ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် စပိန်လာလီဂါ မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ မေလ ၂ ရက်က ယှဉ်ပြိုင်ရာ ရီးရဲလ်က တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ အနိုင်ရသွားပါတယ်။ ရီးရဲလ်ဟာ တိုက်စစ်မှူး ဘေးလ် ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိတာကလွဲလို့ ကျန် အဓိက ကစားသမားတွေ အစုံအလင်နဲ့ ယှဉ်ပြိုင်သွားပါတယ်။ အက်သလက်တီကိုကလည်း ရှေ့တန်းမှာ ဂရစ်ဇ်မန်း၊ ဂါမဲရိုး တိုက်စစ်အတွဲနဲ့အတူ အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ယှဉ်ပြိုင်ခဲ့တာပါ။ ပွဲစကတည်းက ရီးရဲလ် တိုက်စစ်ဆင် ကစားခဲ့ပြီး အပိုင်ကန်သွင်းချက်တချို့ကို တီကို ဂိုးသမား ကာကွယ်ခဲ့ရပါတယ်။ ရီးရဲလ်အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အိမ်ရှင်အသင်းက အပြတ် အသာစီးရခဲ့ပါတယ်။ ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၀ မိနစ်၊ ၇၃ မိနစ်နဲ့ ၈၆ မိနစ်တွေမှာ စီရော်နယ်ဒိုတဦးတည်း ဟက်ထရစ်သွင်းယူပေးခဲ့ပါတယ်။ ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကိုလည်း ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် မေလ ၁၁ ရက်နေ့ကျရင် အက်သလက်တီကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up