စီအိုင်အေလျှို့ဝှက်ချက်

March 9, 2017

စီအိုင်အေလျှို့ဝှက်ချက် ဝီကီလိခ်စ်မှ ဖွင့်ချခဲ့သည့်ကိစ္စ စတင်စုံစမ်း

စီအိုင်အေရဲ့ လျှို့ဝှက်ဖောက်ထွင်းနည်းတွေ အပါအဝင် စီအိုင်အေရဲ့ လျို့ဝှက်ချက်တွေကို ဝီကီလိခ်စ် (WikiLeaks) က ဖွင့်ချခဲ့တဲ့ကိစ္စကို အက်ဖ်ဘီအိုင်နဲ့ စီအိုင်အေတို့ ပူးပေါင်းပြီး ရာဇဝတ်ကြောင်းအရ စတင်စုံစမ်းနေပြီလို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောပါတယ်။ မတ်လ ၇ ရက်နေ့က အမေရိကန်အစိုးရ လျို့ဝှက်ချက်တွေကို ဖွင့်ချနေတဲ့ ဝီကီလိခ်စ်က စီအိုင်အေရဲ့ လျို့ဝှက်ချက်တွေဆိုပြီး အချက်အလက်တွေ ထောင်နဲ့ချီ ထပ်ပြီး ဖွင့်ချခဲ့တာပါ။ လူတွေအချင်းချင်း ပြောဆိုဆက်ဆံမှုတွေကို သိရှိရအောင် စီအိုင်အေက ဖုန်းတွေ၊ စမတ်တီဗွီတွေကို ဖောက်ထွင်း ထောက်လှမ်းနည်းတွေ ဖော်ထုတ်သုံးစွဲနေတယ်ဆိုပြီး ဝီကီလိခ်စ်က ဖော်ပြခဲ့တာပါ။ အဲ့ဒီအချက်အလက်တွေ အမှန်တကယ် စစ်မှန်မှု ရှိမရှိကိုတော့ စီအိုင်အေ၊ အက်ဖ်ဘီအိုင်နဲ့ သမ္မတအိမ်ဖြူတော်တို့က တစုံတရာတုံ့ပြန်ဖို့ ငြင်းဆန်ပါတယ်။ "အခုလို ဝီကီလိခ်စ်ရဲ့ ဖွင့်ချမှုတွေဟာ အမေရိကန်ပြည်ထောင်စုကို ကာကွယ်နေကြတဲ့ ထောက်လှမ်းရေးဝန်ထမ်းတွေရဲ့ လုပ်ငန်းတွေကို ထိခိုက်တဲ့အတွက် အမေရိကန်ပြည်သူတွေ အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်ကြရတယ်။ အမေရိကန်ထောက်လှမ်းရေး လုပ်ငန်းတွေကို ထိခိုက်ရတာတင်မဟုတ်ဘူး၊ အကြမ်းဖက်တွေနဲ့ အမေရိကန် ရန်သူတွေကို ကူညီအားပေးသလို ဖြစ်တယ်" လို့ စီအိုင်အေ ပြောခွင့်ရသူက ပြောဆိုပါတယ်။ ဒီ စီအိုင်အေရဲ့ လျို့ဝှက်ချက်တွေကို ဝီကီလိခ်စ်တွေက ဘယ်လိုလုပ်ရသွားလဲ၊ စီအိုင်အေအတွင်းကပဲ ပေါက်သလား၊ အပြင်ကပဲ ဖောက်သလား၊ စုံစမ်းနေပြီလို့ အမေရိကန်အစိုးရ အရာရှိတွေက မတ်လ ၈ ရက်နေ့က ပြောပါတယ်။
5 years Ago
Up