စီအိုင်အေညွှန်မှူးအဖြစ် မိုက်ပွမ်ပီယိုကို အထက်လွှတ်တော် အတည်ပြု

January 24, 2017

စီအိုင်အေညွှန်မှူးအဖြစ် မိုက်ပွမ်ပီယိုကို အထက်လွှတ်တော် အတည်ပြု

သမ္မတသစ် ဒေါ်နယ်ထရမ့် ရွေးချယ်တင်သွင်းတဲ့ မိုက် ပွမ်ပီယို (Mike Pompeo) ကို အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ညွှန်မှူးအဖြစ် အထက်လွှတ်တော်က ဇန်နဝါရီ ၂၃ ရက်နေ့က အတည်ပြုပေးလိုက်ပါတယ်။ ထရမ့်အဆိုတင်သွင်းသူကို လက်ခံ မခံ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၆၆ မဲနဲ့ ကန့်ကွက်မဲ ၃၂ မဲ ရခဲ့ပါတယ်။ ကန့်ကွက်သူအားလုံးဟာ ဒီမိုကရက်ပါတီအမတ်တွေ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ်က “သမ္မတဟောင်း အိုဘားမားလက်ထက်မှာ ရီပတ်ဘလစ်ကန်တွေ ဘယ်လိုအလုပ်လုပ်ခဲ့သလဲဆိုတာ မမေ့ပါနဲ့။ သမ္မတ အိုဘားမား ရုံးစတက်တဲ့နေ့မှာပဲ သူ့အစိုးရဝန်ကြီးအဖွဲ့ဝင် ၇ ဦးကို ရီပတ်ဘလစ်ကန်တွေက အတည်ပြုပေးခဲ့ပါတယ်။ သူ့အစိုးရတဖွဲ့လုံးကို ၂ ပတ်အတွင်း အတည်ပြုပေးခဲ့ပါတယ်” လို့ ပြောသွားပါတယ်။ ဒီမိုကရက်အမတ်တွေကတော့ မိုက် ပွမ်ပီယိုဟာ ထောက်လှမ်းရေးနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေမှာ လက်ယဉ်သူမို့ ဒီရွေးချယ်မှုအပေါ် စိုးရိမ်ပူပန်နေပါတယ်။ ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် ရွန် ဝိုင်းဒန်းက “ထောက်လှမ်းရေးနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ပတ်သက်ရင် ပွမ်ပီယိုရဲ့ အမြင်သဘောထားတွေကို သူစိုးရိမ်ကြောင်း၊ စီအိုင်အေညွှန်မှူးလို အလွန်အရေးကြီးတဲ့ ရာထူးအတွက် မသင့်တော်ကြောင်း၊ ဒီရာထူးခန့်ထားရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခွင့်ရှိခဲ့တဲ့အပေါ် ကျေးဇူးတင်ပေမယ့် အခုရွေးချယ်မှုကို ကန့်ကွက်ဖို့ သူ့လုပ်ဖော်ကိုင်ဘက်တွေကို တိုက်တွန်းကြောင်း” ပြောကြားသွားပါတယ်။ တခြားရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေဖြစ်တဲ့ ဂျိမ်းစ် လန့်ဖို့ဒ်နဲ့ ဂျယ်ရီ မိုရန်တို့ကတော့ ထောက်ခံမဲ ၆၆ မဲ၊ ကန့်ကွက်မဲ ၃၂ မဲပဲ ရှိတာမို့ မိုက် ပွမ်ပီယိုကို စီအိုင်အေ အကြီးအကဲအဖြစ် အတည်ပြုလိုက်နိုင်ပါပြီလို့ ပြောကြားသွားပါတယ်။
5 years Ago
Up