စီအီးအို

March 19, 2019

နာမည်ကျော် ဝါနာဘရားသားစ် ရုပ်ရှင်ကုမ္ပဏီ စီအီးအို ရာထူးကနုတ်ထွက်

နာမည်ကျော် ဝါနာဘရားသားစ် ရုပ်ရှင်ကုမ္ပဏီ ဥက္ကဋ္ဌနဲ့ စီအီးအို ကီဗင်ဆူဂျီဟာရဟာ မတ်လ ၁၈ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားပါတယ်။ စီအီးအို ကီဗင်ဆူဂျီဟာရဟာ အမျိုးသမီး သရုပ်ဆောင်တဦးကို မမှန်ကန်တဲ့နည်းနဲ့ စတူဒီယိုမှာ နေရာပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးနောက် အခုလို နုတ်ထွက်ခဲ့တာပါ။ ဆူဂျီဟာရနဲ့ အမျိုးသမီးသရုပ်ဆောင်တို့ အတူနေပြီးနောက် အဲဒီအမျိုးသမီးဟာ  ဆူဂျီဟာရရဲ့ အကူအညီနဲ့ နေရာရခဲ့တယ်လို့ မတ်လ ၆ ရက်နေ့က သတင်းထွက်ပေါ်ခဲ့ပါတယ်။ အဲဒီသတင်းမှာ သူနဲ့ အမျိုးသမီးသရုပ်ဆောင်တို့ အပြန်အလှန်ပေးပို့တဲ့ မက်ဆေ့ခ်ျတွေ ပါဝင်ပါတယ်။ အဲဒီနောက်မှာတော့ ဆူဂျီဟာရဟာ AT&T ကော်ပိုရေးရှင်းပိုင် စတူဒီယိုကို  ကျောခိုင်းခဲ့ရပါတယ်။ ရှေ့နေကတော့ ဆူဂျီဟာရဟာ အဲဒီ အမျိုးသမီး သရုပ်ဆောင်ကို ငှားရမ်းရာမှာ တိုက်ရိုက်ပတ်သက်တာ မရှိဘူးလို့ ဆိုပါတယ်။ ဝါနာမီဒီယာ စီအီးအို ဂျွန်စတန်ကီကတော့ ကုမ္ပဏီအနေနဲ့ ပြင်ပ ဥပဒေအကျိုးဆောင် လုပ်ငန်းနဲ့ ပူးပေါင်းပြီး စုံစမ်းရေးပြီးဆုံးအောင် ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
3 years Ago

July 22, 2015

တိုရှီဘာ စီအီးအို ရာထူးမှ နုတ်ထွက်

ဂျပန်နိုင်ငံအခြေစိုက် တိုရှီဘာ အီလက်ထရောနစ် ကော်ပိုရေးရှင်းရဲ့ အမှုဆောင် အရာရှိချုပ် (စီအီးအို) ဟာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ကုမ္ပဏီအမြတ်ငွေကို အမှန်ထက်ပိုပြီး လိမ်လည်ပြခဲ့မှုနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က ရာထူးက နုတ်ထွက်သွားပါတယ်။ သူရဲ့နေရာမှာ လက်ရှိ တိုရှီဘာဥက္ကဋ္ဌက ဆက်လက်တာဝန်ယူထားပါတယ်။ စီအီးအိုနဲ့အတူ ဒု-ဥက္ကဋ္ဌလည်း တာဝန်က နုတ်ထွက်သွားပါတယ်။ တိုရှီဘာကော်ပိုရေးရှင်းက ဖွဲ့စည်းတဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မတီက တိုရှီဘာကုမ္ပဏီဟာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံ ပိုပြခဲ့တာပါ။ ဒါဟာ ကုမ္ပဏီက တွက်ချက်ခန့်မှန်းထားတာရဲ့ ၃ ဆ ဖြစ်နေတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။ အသက် ၆၄ နှစ်အရွယ် စီအီးအို တာနာကာနဲ့ အသက် ၆၆ နှစ်အရွယ် ဒု-ဥက္ကဋ္ဌ ဆာဆာကီဟာ တိုရှီဘာကော်ပိုရေးရှင်းမှာ ၁၉၇၀ အစောပိုင်းနှစ်တွေက တိုရှီဘာကော်ပိုရေးရှင်းမှာ စတင် ၀င်ရောက်လုပ်ကိုင်ခဲ့ကြတာပါ။ ကုမ္ပဏီအမြတ်ငွေတွေကို လိမ်လည်ပြခဲ့တဲ့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်တွေမှာ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဆာဆာကီဟာ ကုမ္ပဏီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တာပါ။ အခုနှစ်ဆန်းပိုင်းက ကုမ္ပဏီငွေစာရင်းကို စာရင်းစစ်အာဏာပိုင်တွေက ၀င်ရောက်စစ်ဆေးချိန်မှာ ဒီလိမ်လည်မှုကို စတင်ဖော်ထုတ်နိုင်ခဲ့တာပါ။ ဂျပန်ဘဏ္ဍာရေးဝန်ကြီးက ဒီလိမ်လည်မှုကြောင့် စိတ်မကောင်းဖြစ်ရပြီး ဂျပန်စီးပွားရေး ကော်ပိုရေးရှင်းတွေအပေါ် လူတွေရဲ့ ယုံကြည်မှု ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။ ဂျပန်အစိုးရဟာ ၂၀၁၁ ခုနှစ်က အိုလံပတ်စ် အီလက်ထရောနစ် ကုမ္ပဏီကြီး အရှုံးငွေ ၁ ဒသမ ၇ ဘီလီယံကို ဖုံးကွယ်ခဲ့မှု ဖြစ်ပြီးနောက်ပိုင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ပြန်လည်တည်ဆောက်နေချိန်မှာ အခုလို တိုရှီဘာက အမြတ်ငွေပိုပြမှု ထပ်ဖြစ်ခဲ့တာပါ။
6 years Ago
Up