စီအိုင်ဒီ

October 5, 2021

နေပြည်တော် ရဲဌာနချုပ်ရုံးတွင် ဗုံးပေါက်ကွဲ၊ ၄ ဦးဒဏ်ရာရ

နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားထဲက  အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းက  ဗုံးပေါက်ကွဲခဲ့တယ်လို့ ရဲအသိုင်းအဝန်းကနေသိရပါတယ်။

ရဲဌာချုပ်ရဲ့ CID ရဲတပ်ဖွဲ့ဌာန သက်သေခံ ပစ္စည်းထားတဲ့အခန်းမှာပေါက်ကွဲခဲ့တာဖြစ်ပြီး ဒုရဲမှူးကြီးအပါဝင် ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဌာနချုပ်ရုံးကို ရဲတပ်ရင်း တရင်းနဲ့ လုံခြုံရေးရယူထားတာဖြစ်ပြီး အပြင်လူတော်ရုံနဲ့ ဝင်ဖို့မလွယ်ကူတဲ့နေရာဖြစ်လို့ အတွင်းပိုင်းမှာ ပေါက်ကွဲမှုဖြစ်တာ အံ့သြဖို့ကောင်းတယ်လို့ ရဲအရာရှိက ပြောပါတယ်။

CID ရုံးခန်း သက်သေခံပစ္စည်းထားတဲ့အခန်းမှာ နယ်ကပေးပို့လိုက်တဲ့ သက်သေခံပစ္စည်းတွေကို ပါဆယ်ဖောက်နေစဥ် ဗုံးပေါက်ကွဲခဲ့တာလို့ သတင်းတွေထွက်နေပေမဲ့ ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဗုံးပေါက်ကွဲခဲ့တဲ့ ရဲတပ်ဖွဲ့ရုံးချုပ်ဟာ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ စစ်အုပ်စုရဲ့ စီမံအုပ်ချုပ်ရေးကောင်စီရုံး နှစ်ရုံးအကြားမှာရှိတဲ့ ရုံးလည်း ဖြစ်ပါတယ်။

အလားတူ နေပြည်တော်ရှိ  လဝကဝန်ထမ်းကြိုပို့ ဖယ်ရီကားတစီးကို ဒီကနေ့ အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့  နေပြည်တော် PDF သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ငွေစိုးက ပြောပါတယ်။

1 year Ago
Up