စီအိုင်အေညွှန်မှူး

May 18, 2018

ပထမဆုံး အမျိုးသမီး စီအိုင်အေညွှန်မှူး အဆိုပြုချက် အမေရိကန်အထက်လွှတ်တော် အတည်ပြု

ပထမဆုံး အမျိုးသမီးစီအိုင်အေညွှန်မှူးအဖြစ် ဂျီနာဟတ်စ်ပယ်ကို အဆိုပြုထားခြင်းအပေါ် အမေရိကန် အထက်လွှတ်တော်က   မေလ ၁၇ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ “ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၄၅ မဲ၊ ဒီအတွက် အဆိုပြုခန့်အပ်ခြင်းကို အတည်ပြုပါတယ်။ ယခင်အမိန့်အရ အဆိုပြုချက်ကို ပြန်လည် စဉ်းစားဆွေးနွေးပြီး အထက်လွှတ်တော် ဆောင်ရွက်ချက်ကို သမ္မတထံ ချက်ချင်းအကြောင်းကြားသွားမှာ ဖြစ်ပါတယ်” လို့ အထက်လွှတ်တော်အမတ် ဘီလ်ကတ်ဆီဒီက ကြေညာခဲ့ပါတယ်။ ဒီလို အတည်ပြုလိုက်တဲ့အတွက် အကျဉ်းသားတွေကို နှိပ်စက်မေးမြန်းမှုမှာ ဂျီနာဟတ်စ်ပယ် ပတ်သက်မှု ရှိတယ်ဆိုတဲ့ တိုက်ခိုက်မှုတွေကို အဆုံးသတ်စေခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အထက်လွှတ်တော်က မေးမြန်းခဲ့တာကိုလည်း ဂျီနာက အခုလို ဖြေကြားခဲ့ပါတယ်။ “အယ်လ်ကိုင်းဒါး အကျဉ်းသားတွေဆီကရတဲ့ အဖိုးတန်သတင်းတွေဟာ ကျမတို့နိုင်ငံကို နောက်ထပ် တိုက်ခိုက်မှုကနေ ကာကွယ်နိုင်စေတယ်ဆိုတာကို  ကျမရှေ့က ညွှန်မှူးတွေအတိုင်းပဲ ကျမဟာ ယုံကြည်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ပထမဆုံး အမျိုးသမီး စီအိုင်အေညွှန်မှူးဖြစ်လာမယ့် ဂျီနာဟတ်စ်ပယ်ဟာ စီအိုင်အေမှာ လုပ်သက် ၃၃ နှစ်ရှိပြီး လက်ရှိအချိန်မှာ ယာယီစီအိုင်အေညွှန်မှူးအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ ဟတ်စ်ပယ်ဟာ လျှို့ဝှက်ထောက်လှမ်းရေးအရာရှိ ကာလအတော်ကြာ တာဝန်ထမ်းခဲ့ပြီး ၂၀၀၂ ခုနှစ်မှာတော့ ထိုင်းနိုင်ငံရှိ စီအိုင်အေဌာန တာဝန်ခံအဖြစ် အမှုထမ်းခဲ့ပါတယ်။ အဲဒီက လျှို့ဝှက်အကျည်းထောင်တခုမှာ ဟတ်စ်ပယ်ဟာ ရေလောင်းစစ်မေးခြင်း စတဲ့ စစ်ကြောရေး နည်းလမ်းတွေကို ပြုလုပ်ခဲ့တာပါ။ နောင် ၃ နှစ်အကြာမှာတော့ ဟတ်စ်ပယ်ဟာ အဲဒီစစ်ကြောရေး ဗွီဒီယိုတိပ်ခွေတွေကို ဖျက်ဆီးခိုင်းခဲ့ပါတယ်။ နှိပ်စက်ခြင်းလို့ သတ်မှတ်ထားတဲ့ ရေလောင်း စစ်မေးခြင်း အပါအ၀င် ကြမ်းတမ်းတဲ့ စစ်ကြောရေး နည်းလမ်းတွေကို အသုံးပြုရာမှာ ဟတ်စ်ပယ် ပတ်သက်တယ်ဆိုပြီး ကန့်ကွက်နေတဲ့ကြားထဲက အခုလို ဟတ်စ်ပယ်ကို စီအိုင်အေညွှန်မှူးအဖြစ် အတည်ပြု လိုက်တာဖြစ်ပါတယ်။
4 years Ago
Up