စီအက်စ်ကေအေကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး တော့တင်ဟမ်ဟော့စပါး ယူရိုပါလိဂ်ဝင်ခွင့်ရ

December 8, 2016

စီအက်စ်ကေအေကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး တော့တင်ဟမ်ဟော့စပါး ယူရိုပါလိဂ်ဝင်ခွင့်ရ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု အီး နောက်ဆုံးပွဲစဉ်အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးနဲ့ ရုရှားကလပ် စီအက်စ်ကေအေ မော်စကိုတို့ ဒီဇင်ဘာ ၇ ရက်ညက ယှဉ်ပြိုင်ရာ စပါးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ယူရိုပါလိဂ်ဝင်ခွင့် ရရှိသွားပါတယ်။ ဒီပွဲအနိုင်ရမှ ယူရိုပါလိဂ်ဝင်ခွင့်ရမယ့် စပါးအသင်းဟာ အားထုတ်ကြိုးစား ကစားခဲ့ပေမယ့် အဖွင့်ဂိုးကိုတော့ စီအက်စ်ကေအေက ရရှိသွားပြီး ပွဲချိန် ၃၃ မိနစ်မှာ Dzagoev က သွင်းယူပေးခဲ့တာပါ။ ဒီ့နောက် ပွဲချိန် ၃၈ မိနစ်မှာ စပါးအတွက် အလီက ချေပဂိုးနဲ့ ပထမပိုင်းပြီးခါနီးမှာ ကိန်းက အနိုင်ဂိုးသွင်းပြီး ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ စပါးဟာ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့သလို ဂိုးကန်သွင်းခွင့်မှာလည်း အပြတ်အသာစီး ရခဲ့ပါတယ်။ စပါးအတွက် ပွဲသိမ်းအနိုင်ဂိုးကိုတော့ စီအက်စ်ကေအေ ဂိုးသမား ကိုယ့်ဂိုးကိုယ်သွင်းမိရာက ရရှိသွားပါတယ်။ အုပ်စု အီးကပဲ တခြားပွဲစဉ်မှာတော့ ဂျာမန်ကလပ် လေဗာကူဆင်က ပြင်သစ်ကလပ် မိုနာကိုကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ အုပ်စုပွဲစဉ်တွေ အပြီးမှာတော့ မိုနာကိုက အုပ်စု ပထမ၊ လေဗာကူဆင်က အုပ်စု ဒုတိယနေရာကနေ ချန်ပီယံလိဂ် နောက်တဆင့် တက်ရောက်သွားပြီး တတိယနေရာရတဲ့ စပါးအသင်းကတော့ ယူရိုပါလိဂ်မှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago
Up