စီမံကိန်းတူး​မြောင်း ဖယ်ရှားမှု

A d v e r t i s e m e n t With Us

December 23, 2020

ဝါးခယ်မတွင်​ ပိတ်ထားသည့် စီမံကိန်းတူး​မြောင်းအား ဖယ်ရှားခဲ့မှုဖြင့် ၃၂ ဦး တရားစွဲခံရ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံပဒုတ်ချောင်းဝကျေးရွာမှာ အင်းသားကြီးက ပိတ်ဆို့ငါးဖမ်းနေတဲ့ အမှတ် ၄ စီမံကိန်းတူးမြောင်းက အတားအဆီးတွေ ဖယ်ရှားခဲ့တဲ့ လယ်သမားနဲ့ ဒေသခံ စုစုပေါင်း ၃၂ ဦးကို မြို့နယ်အုပ်ချုပ်ရေးက တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။ စီမံကိန်းတားကို ပိတ်ဆို့ငါးဖမ်းတာတွေ ပြုလုပ်နေတာကြောင့် လယ်သမားတွေ ရေမရရှိတော့လို့ စပါးများစွာ ပျက်စီးဆုံးရှုံးခဲ့သလို ဆောင်းစပါ;စိုက်ဖို့အတွက် လယ်သမားတွေက သက်ဆိုင်ရာဌာနတွေကို စာပေးပို့ အကူအညီတောင်းခံခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က အတားအဆီးတွေကို ဖယ်ရှားခဲ့တာကြောင့် ခုလို တရားစွဲခံရတာလို့ သိရပါတယ်။ “ပြည်သူအယောက် ၃၂ ဦး ကို ၁၈၈ နဲ့ မြို့နယ်ထွေအုပ်က တရားလိုလုပ်ထားတယ်လို့ ​ရွှေလောင်းနယ်မြေစခန်းမှုး ဦးမျိုးလှိုင်ပြောပြတာ သိရပါတယ်။ ဒီနေ့ သမန်စာ လာပို့​တော့ စာပို့လုလင်ရယ်၊ လုံခြုံ​ရေးရဲ ၅ ယောက်လောက် ပါလာပါတယ်”လို့ လယ်သမားအရေး ​ကူညီဆောင်ရွက်နေသူ မသန်းသန်းမိုးက ပြောပါတယ်။ စီမံကိန်းတားကို ပိတ်ဆို့တာတွေဖယ်ရှားခဲ့တဲ့ အထဲက လူ ၁ ဦး၊ လာရောက်ကြည့်ရှုသူ ၅ ဦး စုစုပေါင်း ၆ ဦးကို အင်းသားကြီးက ရဲစခန်းမှာ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားသလို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အနီးအနားမှာ ရောက်ရှိနေသူ ၃၂ ဦးကို ပုဒ်မ ၁၈၈ နဲ့ တရားစွဲထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အနီးအနားကို ရောက်နေလို့ ပုဒ်မ ၁၈၈ (ပြည်​သူ၀န်​ထမ်းက နည်းလမ်းတကျ ထုတ်​ပြန်​ချမှတ်​ထားသည့် ​ဒေသန္တရအမိန့်ကို ဖီဆန်​မှု) နဲ့ တရားစွဲခံထားရသူတွေကတော့ အတားအဆီးတွေ ဖယ်ရှားတဲ့နေရာကို ညနေပိုင်းမှသာ သွားရောက်ခဲ့တယ်လို့ ပြောဆိုပါတယ်။ ဝါးခယ်မမြို့နယ်၊ ကျုံပဒုတ်ချောင်းဝ အပါအဝင် ရွာ ၄ ရွာမှာ အမှတ်-၄ စီမံကိန်းတူမြောင်းက ​ရေကိုအသုံးပြုပြီး လယ်​ဧက ၄ ​ထောင်​​ကျော် စိုက်ပျိုး​နေရကာ ပြီးခဲ့တဲ့ရာသီက ဆည်​မြောင်​အား အင်းသားကြီးက ပိတ်ဆို့ထားလို့ မိုးစပါး ဧက ၂ ​ထောင်​​ကျော်​ ပျက်စီးခဲ့ရပြီး ဆောင်းစပါးကာလမှာ စိုက်ပျိုးရေးအတွက် အခက်အခဲဖြစ်နေ​တယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ချစ်မင်းထက် (ပန်းတနော်)
3 months Ago
Up